ရန်ကုန် ၁၉ သြဂုတ်  


ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်  ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သန်လျင်မြို့ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။ 


အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်  ဒေါက်တာ နီလာအောင်က  ယနေ့အခြေအနေတွင် ယဉ်ကျေးမှုများရောယှက်လာရာ  မျိုးဆက်ပွား ကျန်းမာရေးအသိပညာများ လိုအပ်ချက်ကြောင့်  မမှားသင့်ဘဲ မှားရာက  တစ်ကိုယ်ရည် မိခင်များဖြစ်ခြင်းနှင့်  ရင်ခွင်မဲ့ကလေးငယ်များ ဖြစ်လာရပါကြောင်း၊  တယ်လီဖုန်း၊ အင်တာနက်များမှရရှိသည့် အချက်အလက်များကို အမှားအမှန်မခွဲခြားတတ်ဘဲ  ယုံကြည် ကြရာမှ ဒုက္ခရောက်ကြရသည့်အတွက် ယနေ့လာရောက်ဟောပြောခြင်းမှာ  မင်္ဂလာရှိ ကြောင်း၊ ကျောင်းသား/သူများ၊ ဝန်ထမ်းများ၏ မိသားစုများမှတစ်ဆင့် ဖြန့်ဝေပေးခြင်းဖြင့်  အသိပညာများ ဆက်လက်ပြန့်ပွားစေလိုပါကြောင်း၊ ထိုသို့ဖြန့်ဝေနိုင်အောင်  မရှင်းလင်း သည်များကို  ပြန်လည်မေးမြန်းစေလိုကြောင်း  ပြောကြားသည်။  

 

ဆက်လက်၍ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်  ကာကွယ်စောင့်ရှောက် ရေးအသင်း၏  ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၏ ဦးဆောင်မှုဖြင့်ဆောင်ရွက်နေသော အမျိုးသမီးအဖွဲ့(၇)ဖွဲ့အနက် (၁)ဖွဲ့အပါ အဝင်ဖြစ်ကြောင်း၊ အားလုံးစုပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း အသင်းဝင်နိုင်ကြောင်း၊ ရင်ခွင်မဲ့ကလေးများနှင့် တစ်ကိုယ်ရည်မိခင်များ လျှော့ချ ရေးအတွက် မျိုးဆက်ပွားကျန်းမာရေးအသိပညာများ  မှန်ကန်စွာရရှိရေးသည်   အရေးကြီး သောကြောင့်  ယနေ့ဟောပြောပွဲကို  ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ အတွင်းရေးမှူး ဒေါက်တာမြသီတာက အခြေခံမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဇော်မြင့်သိန်းက  သားဆက်ခြားနည်းလမ်းအမျိ်ုးမျိုး၏ အကျိုးအပြစ်  ရှင်းလင်းပြောကြား ခဲ့ပြီး တက်ရောက်လာသောကျောင်းသား/သူများ၏  ပြန်လည်မေးမြန်းသည်များကို  ရှင်းလင်းပြောကြားသည်။


ထို့နောက် ဒုတိယပါမောက္ခချုပ်   ဒေါက်တာနီလာအောင်မှ   နိဂုံးချုပ်စကား ပြောကြားသည်။  

 

(သတင်းစဉ်)