၃၁ ဇူလိုင်
အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းပါဝင်သည့် ၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စု (F) ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံ၌ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် AFC Cup ပြိုင်ပွဲ အာဆီယံဇုန်အုပ်စုများအနက် အုပ်စု (F) နှင့် (G) ကို ဗီယက်နမ်နိုင်ငံ၌ ကျင်းပရန် ဇူလိုင် ၃၀ ရက်က ထုတ်ပြန်ခဲ့ပြီး အုပ်စု (H) ကျင်းပမည့်နိုင်ငံသာ ရွေးချယ်ရန် ကျန်ရှိတော့သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများကို စက်တင်ဘာ ၂၃၊ ၂၆၊ ၂၉ ရက်တွင် ကျင်းပရန်ဆုံးဖြတ်ထားပြီး အုပ်စုအလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလိုသည့် နိုင်ငံများ၏ ဆန္ဒသဘောထားများ မေးမြန်းခဲ့ရာ မြန်မာနှင့် ဗီယက်နမ်ကလပ်အသင်းများသာ ကျင်းပလိုကြောင်း အကြောင်းပြန်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဘောလုံးပြိုင်ပွဲများ ကျင်းပခွင့်မရသေးသောကြောင့် ဗီယက်နမ်ကလပ်အသင်းများပါဝင်သည့် အုပ်စုနှစ်ခုကို ဗီယက်နမ်နိုင်ငံ၌ ကျင်းပရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်သည် အုပ်စု (F) ပွဲစဉ်များကို သောင်နတ်ကွင်း၊ အုပ်စု (G) ပွဲစဉ်များကို ကွမ်နင်ကမ်ဖကွင်းတို့၌ ကျင်းပခဲ့သည်။ အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ရန်ကုန် (မြန်မာ)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)၊ အုပ်စု (G) တွင် ဆီရက်စ် (ဖိလစ်ပိုင်)၊ ထန်ကွမ်နင် (ဗီယက်နမ်)၊ ဆာဗေ (ကမ္ဘောဒီးယား)၊ ဘာလီယူနိုက်တက် (အင်ဒိုနီးရှား) တို့ ပါဝင်နေသည်။ ထို့ကြောင့် ရန်ကုန်အသင်းသည် ဒုတိယအကျော့လက်ကျန်ပွဲများကို အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရန် အားကုန်ထုတ်ကစားရတော့မည်ဖြစ်သည်။
မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းပါဝင်သည့် အုပ်စု (H) ပွဲစဉ်များကို အိမ်ရှင်နိုင်ငံ မရွေးချယ်ရသေးဘဲ သြဂုတ်နောက်ဆုံးပတ်မှသာ ဆုံးဖြတ်ဖွယ်ရှိနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား) တို့နှင့်အတူ ပါဝင်နေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်