ရန်ကုန် ၂၈ မတ်
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဗဟိုအမျိုးသမီးဆေးရုံကြီး (ယခင်ဒပ်ဖရင် ဆေးရုံ) ၌ အစောဆုံးတည်ဆောက်ခဲ့သော သက်တမ်း ၁၂၂နှစ်ရှိ (D) ဆောင်ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ၂၉ ခုမြောက် မြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခြင်း အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး ဗဟိုအမျိုးသမီးဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာ ခင်ပြုံးကြည်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဗဟိုအမျိုးသမီးဆေးရုံကြီးအထောက်အကူပြုအဖွဲ့ နာယက၊ ငြိမ်းချမ်း ရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အပြာရောင်ကမ္ဗည်းပြားကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကာ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီးရှိ သက်တမ်း ၁၂၂ နှစ်ပြည့်ပြီဖြစ်သော(D) ဆောင်ကို အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင်၏ ကြင်ယာတော် လေဒီဒပ်ဖရင်၏ ရံပုံ ငွေဖြင့် မတည်တည်ထောင်ခဲ့ပြီး၁၈၉၇ တွင် (D)ဆောင် ဆောက်လုပ်ရန် လေဒီဒပ်ဖရင် ကိုယ်စား မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ၏ဇနီး လေဒီဖရိုင်ရာက အုတ်မြစ်ချပေးခဲ့သည်။ ယင်းနောက် ၁၈၉၈ခုနှစ်တွင် ဒပ်ဖရင်ဆေးရုံအဖြစ် စတင်အသုံးပြုခဲ့ကာ၁၉၂၇ခုနှစ်တွင် A ဆောင်၊ ၁၉၂၉ ခုနှစ်တွင် B ဆောင်နှင့် C ဆောင်တို့ကို ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့သည်။
“ဗဟိုအမျိုးသမီးဆေးရုံက ရန်ကုန်မြို့မှာရှိတဲ့ အရေးပါတဲ့ အမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ကမ္ဗည်းပြားတပ်ခဲ့တဲ့ အဆောင် (D) ဟာဆိုရင် ဒီဆေးရုံဝင်းထဲမှာ သက်တမ်းအရင့်ဆုံး အဆောက်အဦတစ်ခုလည်း ဖြစ်ပါတယ်။ လူအများနဲ့လည်း သက်ဆိုင်တဲ့ အဆောက်အအုံတစ်ခုဖြစ်တယ်။ ဗိသုကာ အရလည်း ထူးခြားတယ်။ ကမ္ဗည်းပြားကို ဒီဆေးရုံမှာတပ်ဖို့ရွေးချယ်ခဲ့တာပါ ’’ ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှ စီမံချက်အရာရှိ ဦးသူရိန်အောင်က ပြောသည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)သည် ရန်ကုန်မြို့တွင် အပြာရောင် ကမ္ဗည်းပြားတပ်ဆင်ခြင်းကို ၂၀၁၄ခုနှစ်မှစတင်ကာ ဆောင်ရွက် ခဲ့ပြီး ပထမဆုံး ကမ္ဗည်းပြားကို ရန်ကုန်မြို့တော်ခန်းမတွင် တပ်ဆင်ခဲ့သည်။ ယနေ့ဗဟို အမျိုးသမီးဆေးရုံကြီး (D) ဆောင်တွင် တပ်ဆင်ခဲ့သည့် အပြာရောင် ကမ္ဗည်းပြားသည် YHT၏ ၂၉ ခုမြောက် တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
“ကမ္ဗည်းပြားတွေကို နေရာတစ်ချို့မှာဆက်ပြီး တပ်သွားဖို့ရှိပါတယ်။ ရန်ကုန်မှာ ရှိတဲ့ အမွေအနှစ်ဆိုတာ အဆောက်အအုံတွေတင်မဟုတ်ဘူး။ သဘာဝအ မွေအနှစ် တွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်တဲ့အတွက် အင်းယားကန်လို နေရာမျိုးတွေ လူအများရဲ့အရေးပါတဲ့ သမိုင်းကြောင်းတွေလည်းရှိခဲ့တဲ့ နေရာမျိုးတွေမှာလည်း မြို့ပြအမွေအနှစ် တစ်ခုအနေနဲ့ ကမ္ဗည်းပြားတွေတပ်သွားဖို့ရှိပါတယ်’’ ဟု စီမံချက် အရာရှိ ဦးသူရိန်အောင်က ပြောသည်။
အပြာရောင် ကမ္ပည်းပြားများ၏ ရည်ရွယ်ချက်မှာ လူအများသိရှိပြီး အဆောက်အအုံများ၊ နေရာများကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရန်၊ လူသိနည်းသေး သည့် အဆောက်အအုံများ အကြောင်းကို လူအများပိုမိုသိရှိလာစေရန် ရည်ရွယ်သည်။ အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ရေးလုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ ကူညီမှု၊ အလှူရှင်များ၏ ငွေကြေးထည့်ဝင်ကူညီမှု တို့ဖြင့် ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(YHT) အနေဖြင့် ကမ္ဗည်းပြား တပ်ဆင်ထားသည့်အဆောက်အအုံများနှင့်စပ်လျဉ်းပြီး ပြုပြင်ထိန်းသိမ်းရန်အတွက် နည်းပညာပိုင်းအကူအညီတောင်းခံပါက ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်)


