ရန်ကုန်၊ ၁၉ ဇန်နဝါရီ

 

ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းများမှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နယ်မြို့များသို့ အဝေးပြေးကုန်စည် ပို့ဆောင်ပေးနေသော ယာဉ်ကြီးများသည် တစ်ရက်လျှင် အစီးရေ (၄၀၀)ခန့် ထွက်ရှိနေပြီး ကိုဗစ်ကာလ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ COVID-19 စစ်ဆေးပြီးအဖြေ Negative ရရှိထားသော ဆေးထောက်ခံစာအား (၇)ရက်အထိ ဖြေလျော့ပေးစေလိုကြောင်းနှင့် နယ်မြို့ကြီးများ၏အ၀င် ကိုဗစ်စစ်ဆေးရေးစခန်းများတွင် ကိုဗစ်စစ်ဆေးသော ကျန်းမာရေး၀န်ထမ်းများ လုံလောက်စွာ ထားရှိပေးစေလိုကြောင်းဖြင့် မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

“အခုလို ကုန်စည်စီးဆင်းမှုတွေ များလာတဲ့အခါမှာ ကျွန်တော်တို့ ဘုရင့်နောင်အဝေးပြေးကုန်စည်ကနေ တစ်နေ့ကို ထွက်တဲ့ကားအစီးရေက (၄၀၀)လောက်ရှိပါတယ်။ ရန်ကုန်တိုင်းအနေနဲ့ ကိုဗစ်စစ်ဆေးမှုက ပြဿနာမရှိပေမဲ့လည်း နယ်မြို့တွေကို သွားလာခွင့်မှာ ကိုဗစ်စစ်ပေးနေတဲ့ ကျန်းမာရေး၀န်ထမ်းတွေ ထပ်တိုးစေလိုပါတယ်။ အခုက ဆေးစာရွက်စစ်ဆေးပြီး လမ်းခရီးမှာသွားရင်းလာရင်းနဲ့ (၃)ရက်ကြာခဲ့ရင် တစ်ခေါက်ပြန်စစ်ရတယ်။ ဒါကိုလည်း ရက်သတ္တပတ် တစ်ပတ်လောက်ထိ တိုးမြှင့်ပေးစေလိုပါတယ်။ တချို့ကားသမားတွေကြတော့လည်း ကိုဗစ်စစ်ရမှာကြောက်ကြတဲ့အတွက် ကိုယ်မောင်းတဲ့အခေါက်ရေနဲ့ အကြိမ်ရေနည်းနည်းစစ်ရအောင်၊ Lockdown မမိအောင် နယ်မြို့အ၀င်တွေရောက်အောင် အလုအယက် မောင်းကြတာတွေလည်းရှိတယ်။ လမ်းခရီးကြန့်ကြာမှုကြောင့် ကုန်စည်တွေကို မပျက်စီးအောင် အလုအယက်မောင်းရတာတွေနဲ့ ကိုဗစ်စစ်ဆေးတဲ့နေရာတွေမှာ တန်းစီစောင့်ဆိုင်းနေရတာတွေ နည်းအောင် ကျွန်တော်တို့ကားသမားတွေက ဒီကာလမှာခက်ခက်ခဲခဲနဲ့ သွားနေရတာပါ။ ဒါကို သက်ဆိုင်ရာ တာဝန်ခံများအနေနဲ့လည်း ကျွန်တော်တို့ရဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးရဲ့ ကိုဗစ်စစ်ဆေးမှု အပိုင်းတွေကို ယခင်စစ်ဆေးနေတာထက်ကို ဖြေလျော့ပေးစေလိုပါတယ်။ အခု ရန်ကုန်မြို့မှာဆိုရင်လည်း စားသောက်ဆိုင်တွေ၊ စက်ရုံအလုပ်ရုံတွေက သက်မှတ်စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ငန်းတွေ လည်ပတ်နေပြီဖြစ်လို့ ကျွန်တော်တို့ အဝေးပြေးကုန်စည်ကဏ္ဍရဲ့ မှန်မှန်နဲ့မြန်မြန်ဖြစ်စေဖို့ ကိုဗစ်စစ်ဆေးမှုအကြိမ်ရေတွေ၊ ရက်သတ်မှတ်တာတွေကိုလည်း ဖြေလျော့ပေးစေလိုပါတယ်” ဟု  မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။

 

ယခုအခါတွင် ရန်ကုန်မြို့မှ နယ်မြို့အသီးသီးသို့ ထွက်ခွာသွားမည့် မော်တော်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်လည်းကောင်း၊ ရန်ကုန်-ပဲခူးလမ်းရှိ  ရန်ကုန်မြို့အ၀င် ကြိုဆိုပါ၏ ဆိုင်းဘုတ်တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစပ် မင်းလွင်ကုန်းရှိ ၃၂ မိုင် ၇ ဖာလုံ တွင်လည်းကောင်း သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအဖွဲ့များမှ ကိုဗစ်စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြီးလျှင် ဆေးစစ်ဆေးပြီးကြောင်း ရောဂါပိုးမရှိသည့် (၃)ရက်ခံ Negative ဆေးထောက်ခံစာ ထုတ်ပေးကြောင်း သိရသည်။ ထိုမှတစ်ဆင့် သွားလိုရာ နယ်မြို့များသို့ ဆက်လက်ထွက်ခွာကြပြီး (၃)ရက်ပြည့်သည့်အချိန်ထိ မိမိသွားလိုရာမြို့သို့ မရောက်လျှင် တန်းစီကာ ထပ်မံပြန်စစ်ရကြောင်း သိရသည်။ ပုံမှန်အားဖြင့် ယာဉ်မောင်းယာဉ်နောက်လိုက်များသည် တစ်ခေါက်ပြေးဆွဲလျှင် (၉)ကြိမ်ခန့် ကိုဗစ်စစ်ဆေးမှု ခံယူနေရကြောင်း သိရသည်။

 

လက်ရှိတွင် ယခုကာလ ကိုဗစ်တွေ့ရှိမှု လျော့နည်းလာပြီး ရန်ကုန်ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးသို့ ပြောင်း/ ဖရဲ/ သခွားနှင့် အခြားကုန်ခြောက်ပစ္စည်းများ အ၀င်အထွက် ပိုမိုများပြားလာမှုသည် ယခင်ထက်ပိုမိုနေကြောင်း သိရသည်။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေး သီးသန့်အနေဖြင့်  ၁၂ ဘီးယာဉ်၊ တွဲကားနှင့် (၆)ဘီးယာဉ်များပါ၀င်ကာ နေ့စဉ် အစီးရေ (၄၀၀)ခန့် ထွက်နေကြောင်း သိရသည်။ ထိုအဝေးပြေး ကုန်စည်မော်တော်ယာဉ်ကြီးများသည် ရန်ကုန်မြို့မှတစ်ဆင့် တနင်္သာရီ၊ မန္တလေး၊ မုံရွာ၊ ရှမ်းပြည်(တောင်ပိုင်း)၊ ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်၊ လားရှိုး၊ ရွှေလီ စသော နယ်စပ်မြို့ကြီးများအထိ သွားလာလျက်ရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ- မျိုးကြီး