ရန်ကုန် ၁၇ မတ်
ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ စာအုပ်လမ်း၏ တနင်္ဂနွေနေ့တွင် စာပေဟောပြောပွဲ၊ စာအုပ်မိတ်ဆက်ပွဲ၊ “မေးကြည့်ဖြေကြည့်စာပေပဟေဠိ” အစီအစဉ်များဖြင့် စာပေချစ်သူများစည်ကားစွာလာရောက်ကြသည်။
ရန်ကုန်စာအုပ်လမ်း သတ္တမအပတ်မြောက်၏ တနင်္ဂနွေနေ့ နံနက် ၁၁ နာရီတွင် ပြုံးစာပေမှ သခင်မြသန်း၏ ဧရာဝတီ စာအုပ်မိဆက်ပွဲ၊ မွန်းလွဲ ၂ နာရီတွင် စာရေး ဆရာချစ်ဦးညို၏ "အကြောက်တရား" ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ၊ မွန်းလွဲ ၃ နာရီ တွင် စာရေးဆရာဒေါက်တာမြင့်သန်း (ညောင်လေးပင်)၏ "ခြောက်ဆယ်အရွယ် စမ်းထတယ်" ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ၊ ညနေ ၄ နာရီတွင် သီဟရတနာစာအုပ်တိုက်မှ စီစဉ်သည့် မော်ဒယ်လ် မိုးမြင့်သဇင်က “မေးကြည့်ဖြေကြည့်” စာပေပဟေဠိ အစီအစဉ်တွင် သီဟရတနာစာပေတိုက်ထုတ် နာမည်ကြီး စာအုပ်ကောင်းများကို ချီးမြှင့် ခဲ့သည်။
ဆရာမကြီး ရွှေကူမေနှင်း၊ ဆရာမောင်သွေးသစ်၊ ဆရာ ဦးသူရဇော်၊ စာရေးဆရာ ဆရာမကြီးများနှင့် စာပေချစ်သူ၊ စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးကြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်က ကိုသီဟ က “ဆရာချစ်ဦးညိုက လူထုနဲ့ တွေ့ဆုံ ဟောပြောရတာ စာပေသမိုင်းဝင်လို့တောင် သူကပြောသွားတယ်၊ ဆရာက သူ ကားမတော်တဆဖြစ်ပြီးတဲ့နောက် ရန်ကုန်ကလူမှုကူညီရေးအသင်းက Ambulance နဲ့ လာဟောတာ၊ သူသွားခဲ့တဲ့ နယ်စာပေဟောပြောပွဲက အတွေ့အကြုံလေးမှာပါတဲ့ အဲဒီနယ်ဘက်ကလူတွေက စာပေထဲကလို အကြောင်းတရား၊ အကျိုးတရားနဲ့ ပြောဆို လို့မရဘူး၊ လူဆိုလည်းလက်နက်နဲ့မှ၊ ဘုန်းကြီးဆိုလည်းအာဏာနဲ့မှ ပြောလို့ရသလို ဖြစ်နေတာကို ဟောသွားတာပါ၊ ဒီနေ့စာပေဟောပြောပွဲကို လူတော်တော်များများ လာကြပါတယ်၊ မွန်းလွဲ ၂နာရီနောက်ပိုင်း လူပိုစည်ပါတယ်” ဟု ပြောသည်။
ရန်ကုန်(စနေ-တနင်္ဂနွေ)စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ကူညီမှုဖြင့် စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ၂၀၁၇ခုနှစ်မှစ၍ ပွင့်လင်း ရာသီများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းက ဦးစီးကျင်းပသည့် စာပေဟောပြောပွဲနှင့်အတူ တစ်ဦးလျှင် စာအုပ်တစ်အုပ် နှုန်းဖြင့် စာအုပ်စတုဒိသာဆိုင်၊ ရောင်းသူမဲ့ နီတိစာအုပ်ဆိုင်၊ ရောင်း/ဝယ်/လဲထပ် စာအုပ်အဟောင်းဆိုင်၊ ၁၅ ရာခိုင်နှုန်း၊ ၅၀ရာခိုင်နှုန်း Discount စာအုပ်အရောင်းဆိုင် ၇၀ ကျော်တို့ဖြင့် အပတ်စဉ် ခင်းကျင်းရောင်းချလျက်ရှိသည်။
သန့်စင်ဝင်း


