ရန်ကုန် ၂၃  စက်တင်ဘာ 

 

ရန်ကုန်စာတိုက်ကြီး အဆောက်အအုံ နှစ် (၁၁၀) ပြည့်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရန်ကုန်စာတိုက်ကြီး၌ကျင်းပသည်။

 

ရှေးဦးစွာ  ရန်ကုန်စာတိုက်ကြီး နှစ် (၁၁၀) ပြည့်အခမ်းအနားကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး များ ဖြစ်ကြသော ဦးကျော်မျိုးနှင့် ဦးသာဦး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ရန်ကုန်မြို့ပြ အမွေ အနှစ် စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်မိုးမိုးလွင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် တို့က   ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခေတ်အဆက်ဆက်ပြသထားသော တံဆိပ်ခေါင်းပြခန်းများကို လိုက်လံကြည့်ရှုကြသည်။

 

ဆက်လက်၍ မြန်မာ့စာတိုက်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီ(JICA)တို့ကြီးမှူးပြီး မြန်မာနိုင်ငံသားများအတွက် တိုင်းဒေသကြီးသုံးခု၏ စာပို့သင်္ကေတ အသိပညာဝေငှခြင်း အခမ်းအနားကို ကျင်းပသည်။

 

စာပို့သင်္ကေတဆိုင်ရာ ဗဟုသုတကြွယ်ဝခြင်းနှင့် လူမှုရေးနယ်ပယ်တွင် ပိုမို ကောင်းမွန်သော စာပို့လုပ်ငန်းဖြစ်လာစေခြင်းသည် အရေးကြီးသောအခန်းကဏ္ဍဖြစ်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တိုင်းဒေသကြီးသုံးခုအတွက် စာပို့သင်္ကေတစာအုပ် ထောက်ပံ့ခြင်းအပါအဝင် တိုင်းဒေသကြီးသုံးခု၏ စာပို့လုပ်ငန်းတိုးတက်လာစေရန် မြန်မာ့စာတိုက်အား ကူညီဆောင်ရွက်ပေးနေသည်။

 

အခမ်းအနားတွင် စာပို့သင်္ကေတ Ambassador အဖြစ် ခန့်အပ်ခံရသော မိုရီစခိဝင်း၏ သီဆိုဖျော်ဖြေမှုနှင့်အတူ တိုင်းဒေသကြီးသုံးခုအတွက် စာပို့သင်္ကေတ စာအုပ်၊ ပိုစတာ၊ ပြက္ခဒိန်နှင့် ပို့စကတ်များကို JICA မှ မြန်မာ့စာတိုက်သို့ တင်ပြပေးအပ်မည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများမှလည်း ပို့စကတ်များတွင် စာပို့သင်္ကေတ အသုံးပြုပုံကို ပြသခဲ့သည်။ 

 

(သတင်းစဉ်)