ရန်ကုန်ဆင်ခြေဖုံးက အခြေခံကျောင်းခွဲလေးတစ်ကျောင်းအကြောင်း

ရှင်နော်၊ ဓာတ်ပုံ- လင်းညွန့်

ရန်ကုန် မြို့တော်သည် နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့အဖြစ်ရောက်အောင် တစ်ဆင့်ချင်း တက်လှမ်းစပြုနေသော မြို့တော်တစ်ခုဖြစ်သည်။ မြို့တော်ရန်ကုန်၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးအခြေအနေပေါ်တွင် မူတည်နေသည်။

စီးပွားရေး အခြေခံကောင်းများရှိမှသာ မြို့တော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆတက် ထမ်းပိုး လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့ကြီး ကြီးပွားချမ်းသာရန် စက်မှုဇုန်များသည် အထူးအရေးကြီးသည်။ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် ပညာတတ် ကျွမ်းကျင်လုပ်သားများ လိုအပ်သည်။

စာသင်ကျောင်းများ ဖြည့်ဆည်း

ယခုအခါ ရန်ကုန်မြို့ရှိ တစ်ခုတည်းသော သီလဝါ အထူးစီးပွားရေးဇုန်သည် အားအင်အပြည့်နှင့် တိုင်းပြည်အတွက် အစွမ်းကုန် ရုန်းထရန်ပြင်ဆင်နေသည်။ သီလဝါအထူးစီးပွားရေးဇုန်သို့ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်အခြေချ နေထိုင်လာပြီဖြစ်သည်။ လုပ်သားများမှာ မိသားစုအလိုက် ပြောင်းရွှေ့လာသောကြောင့် ကလေးငယ်များ၊ ကျောင်းသား ကျောင်းသူများ ပါဝင်လာသည်။ ထိုမိသားစုများ၏ နေထိုင်သွားလာ ပညာသင်ကြားရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ကြိုကြိုတင်တင် စဉ်းစားထားသင့်သည်။ ကလေးငယ်များမိသားစုနှင့် အိုးမကွာ အိမ်မကွာ ပညာသင်ကြားနိုင်ရေး အတွက် စာသင်ကျောင်းများ ဖြည့်ဆည်းထား သင့်သည်။

လွန်ခဲ့သော ဇွန်လ ၁၃ ရက်နေ့ကဖြစ်သည်။ ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ရဲတပ်ရင်း၌ တစ်ထပ်ကျောင်းဆောင်သစ်ကို  သီလဝါအထူးစီးပွားရေးဇုန်က ဆောက်လုပ်လှူဒါန်းခဲ့ပြီး ပညာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ စာသင်ကျောင်း ဆောင်သစ် လက်ခံရရှိခဲ့မှုနှင့် ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာက “ကျွန်မက ၂၀၁၇ ခုနှစ်မှာ ဒီကျောင်းကို ရောက်လာတာပါ။ အဲဒီအချိန်တုန်းက ကျောင်းသားတွေနေရတာ တအားကျပ်ပါတယ်။ စာသင်ခန်းက နှစ်ခန်း မခွဲနိုင်ဘူး။ စာသင်ခန်း တစ်ခန်းတည်းကိုပဲ ၉၂ ယောက်လောက် ထားရတယ်။ အဲဒီအခါမှာ ကလေးတွေ စာသင်ကြားရေးက မထိရောက်ဘူး။ အဆင်မပြေဘူးပေါ့။ ဒီမှာ အလယ်တန်း ကျောင်းသားအင်အားက ၃၀ဝ ကျော်ရှိတဲ့အခါကျတော့ ကျောင်းအကျိုးတော်ဆောင်နဲ့ မိဘ ဆရာအသင်းက(ခွဲ)ကျောင်း လျှောက်ချင်တယ်ဆိုပြီးတော့ တောင်းဆိုလာပါတယ်။ ကျွန်မတို့ ပညာရေးဌာနက အဆင့်တိုးကျောင်းတွေခေါ် နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ ကျွန်မက မိဘဆရာအသင်း အစည်းအဝေးခေါ်လိုက်တယ်။ ပြီးတော့ အားလုံးရဲ့ဆန္ဒအရ ကျွန်မတို့ လျှောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဆင့်တိုးကျောင်း လျှောက်တဲ့အခါမှာ ကျောင်းသားမိဘတွေနဲ့ မိဘဆရာအသင်း အကျိုးတော်ဆောင်တွေကနေ စာသင်ဆောင်တို့၊ စာရေးကိရိယာတို့၊ ပရိဘောဂတွေအားလုံးကို ကျွန်မတို့ဘက်ကနေ တာဝန်ယူပေးရမှာပါ။ ဒါပေမယ့် ကျွန်မတို့ဆီမှာ ရွှေ့ပြောင်းလုပ်သားတွေများတယ်။ အရပ်ဒေသက ဆင်းရဲတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိဘအင်အားနဲ့က ဒီအဆောက်အအုံဆိုတာ မဖြစ်လာနိုင်ဘူး။

 

mdn

 

စာသင်ကြားရေး စိတ်အေးချမ်းသာ

“အဲဒါကြောင့် အကျိုးတော်ဆောင်တွေက အကြံပြုပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ သုံးလပတ်အစည်းအဝေးမှာ ဒီကျောင်းဆောင်လေးကို ဆောက်လုပ်ပေးဖို့ အကူအညီတောင်းလို့ရှိရင် ဖြစ်နိုင်တယ်ဆိုတော့ ကျွန်မတို့ အစည်းအဝေး သွားတက်ပြီးတော့ အကူအညီတောင်းခဲ့ပါတယ်။ သူတို့ကလည်း ဒီကျောင်းဆောင်ကို ကျပ်သိန်း ၁၄၀ဝ ပေါ့။ အထဲက ပရိဘောဂပစ္စည်းတွေကော လှူဒါန်းပေးပါတယ်။ ကျွန်မတို့ ဒီကျောင်းဆောင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ စဆောက်တာပေါ့။ အခု ကျောင်းဖွင့်အမီကိုပြီးအောင် ဆောက်ပေးထားပါတယ်။ ဒီကျောင်းဆောင်ကြီး ရလာတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ကလေးတွေကို စာသင်ခန်းနှစ်ခန်းလည်း ခွဲနိုင်ပါပြီ။ စာသင်ခန်း နှစ်ခန်းခွဲနိုင်တဲ့အတွက်ကြောင့်မို့လို့ သင်ကြားရေးမှာလည်း ကလေးတွေအတွက် စိတ်အေးချမ်းသာစွာ သင်ကြားနိုင်ပြီ ဖြစ်ပါတယ်။ အခုလို ဒီကျောင်းဆောင် ခြောက်ခန်းမှာ ကလေးတွေကို နေရာချထားပြီးသင်နိုင်တဲ့အတွက် ကလေးတွေလည်း စိတ်ချမ်းသာတယ်။ ဆရာ ဆရာမတွေလည်း သင်ကြားရေးမှာ ထိရောက်တယ်။ ကျွန်မတို့လည်း သီလဝါအထူး စီးပွားရေးဇုန်ကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။ ဒီခြောက်ခန်းရလို့သာ ကျွန်မတို့ရဲ့ သင်ကြားရေးဟာ အဆင်ပြေသွားတာပါ။

“ဒီနားမှာ ကျောင်းလာတက်တဲ့ရွာက ခြောက်ရွာလောက်ရှိပါတယ်။ အဲဒီအပြင်ကို ရွှေ့ပြောင်းလုပ်သားတွေကလည်း တစ်နှစ်ထက် တစ်နှစ် များလာပါတယ်။ ကျွန်မရောက်တဲ့နှစ်က ၂၀၁၇-၂၀၁၈ ခုနှစ်ကဆိုရင် ကျောင်းသားက ၆၁၂ ဦးပါ။ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်ကဆိုရင် ၇၃၈ ဦး၊ ဒီနှစ်ဆိုရင် ၉၆၉ ဦး ပေါ့နော်။ အဲဒီလိုဆိုတော့ ကျောင်းသားက တစ်နှစ်ထက် တစ်နှစ် အဆပိုပိုပြီးတော့ များလာတယ်။ ပြောင်းရွှေ့လုပ်သားတွေက ပိုပြီးတော့များလာလို့ပါ”ဟု ကျောင်း၏ အခြေအနေအရပ်ရပ်ကို ရှင်းပြသည်။

မိုးကာလ သွားလာရေးခက်ခဲ

မြို့တော်ရန်ကုန်၌ မိုးဖြိုင်ဖြိုင်ရွာသွန်းသော ဇွန် ၃ ရက်တွင် ကျောင်းဖွင့်ရာသီ စတင်ပြီ ဖြစ်သည်။ ကျောင်းဆင်း ကျောင်းတက်ချိန်ကို စောင့်ဆိုင်းရွာသွန်းတတ်သော ရန်ကုန်မိုးကြောင့် ကျောင်းသူ ကျောင်းသားတို့ သွားလာရေး ခက်ခဲတတ်သည်။ ကိုယ်ပိုင်ကား၊ ကျောင်းကားတို့ဖြင့် ကျောင်းတက်သူများအတွက် အနည်းငယ် သက်သာရာ ရတတ်သော်လည်း ခြေကျင် သွားရသူ ကျောင်းသား ကျောင်းသူများအတွက်မှာ အတော်ပင်ပင်ပန်းလှသည်။ ဘာသာရပ်စုံ ထုပ်ပိုးထားသော ကျောပိုးအိတ်ကိုလွယ်ကာ ထမင်းဘူး၊ ရေဘူး လက်တစ်ဖက်နှင့် အခြား တစ်ဖက်တွင် ထီးက ဆောင်းရသေးသည်။ တစ်ချက်တစ်ချက် မွှေ့ယမ်းတတ်သော လေပွေ သရမ်းကြောင့် ကိုင်ထားသော ထီးလွတ်ထွက် မသွားအောင် မနည်းထိန်းသိမ်းကာ အိမ်အရောက် ပြန်ကြရသည်။ ဤသည်မှာ အဖြူအစိမ်းဝတ် ကျောင်းသား ကျောင်းသူတို့ဘဝ မိုးတွင်းကာလ တစ်ခဏဒုက္ခများဖြစ်သည်။

မြို့ကြီးပြကြီးတွင် ပညာသင်ကြားရသော ကျောင်းသား ကျောင်းသူများအတွက် သွားလာ ရေးတစ်ခဏသာ ရန်ကုန်မိုးနှင့် ထိတွေ့ရသော်လည်း မြို့လယ်ကောင်နှင့် ဝေးကွာသောမြို့နယ်များရှိ ကျောင်းသား ကျောင်းသူများအတွက်မူ ရန်ကုန်မိုးက အမြဲလိုလို ဒုက္ခပေးတတ်သည်။ မြို့လယ်ကောင်တွင် ကျောင်းတက်ရသူတို့အဖို့ ရေဘူး၊ ထမင်းဘူး၊ မုန့်ဘူး ပါရုံမျှမက နေ့လယ်ခင်း မုန့်စားကျောင်းဆင်းလွှတ်ချိန်တွင် ပါလာသော မုန့်ဖိုးဖြင့် မုန့်စားဆင်းကြသော်လည်း မြို့စွန် မြို့ဖျားရှိ ကလေးငယ်များမှာမူ အိမ်မှကျောင်းသို့ သွားရသည့်ခရီးက ဝေးလှသောကြောင့် ပါလာသော ထမင်းချိုင့်ကို လမ်း၌ပင်ဖွင့်၍ စားသောက်ကြရသည်။

အချုပ်အားဖြင့် တင်ပြရသော် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်နေစေရန် တိုင်းပြည် တွင် ကာယစွမ်းအား၊ ဉာဏစွမ်းအား ပြည့်စုံသော လူငယ်လူရွယ်တို့ များစွာလိုအပ်သည်။ အသိပညာ၊ အတတ်ပညာတို့နှင့် ပြည့်ဝနေသော တိုင်းသူပြည်သားများမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ နောင်တစ်ချိန်ဝယ် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် ကျောင်းသား ကျောင်းသူလေးများ၏ လက်ရှိဘဝအခက်အခဲများကို ကူညီဖြေရှင်းရမှာ ကျွန်ုပ်တို့၏တာဝန်သာ ဖြစ်ပါကြောင်း။

မြန်မာ့အလင်း