ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာရှင် (၁၀၀) ဦးနှင့် အထက် အများပိုင်ကုမ္ပဏီများ လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင်အကြို ဈေးကွက် ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်  အောက်တိုဘာ ၆

 

ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာရှင် (၁၀၀)ဦးနှင့်အထက် အများပိုင်ကုမ္ပဏီများက လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင် အကြို ဈေးကွက်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ (Roundtable Discussion on Pre – Listing Board PLB) ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်စတော့အိပ်ချိန်းပင်မခန်းမ၌ ကျင်းပသည်။

 

စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေချေးသက်သေခံ လက်မှတ်ကော်မရှင်ရုံး၊ ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီများ၊ မှတ်ပုံတင်အကြံပေးများနှင့် အများပိုင်ကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက ယနေ့စကားဝိုင်းဆွေးနွေးပွဲတွင် စာရင်းဝင်အကြိုဈေးကွက် (Pre listing Board-PLB) ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်ကိစ္စများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးမည်ဖြစ်၍ တက်ရောက်လာသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်း ကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်စတော့အိပ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက စာရင်းဝင်အကြို ဈေးကွက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်း ဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေးသည်။

 

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ (၈)ခု၏ ရှယ်ယာများ နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ (၄၅၉၃၄) ဦးရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၆) လတာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ (၈) ခု၏ ရှယ်ယာ စုစုပေါင်း (၁ ဒသမ ၉၄၅) သန်း၊ တန်ဖိုး ကျပ် (၄ ဒသမ ၇၄) ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၇၄၉ ဒသမ ၇၇၂ ဘီလီယံရှိကြောင်း သိရှိရသည်။

(သတင်းစဉ်)