ရန်ကုန်၊ ၄ ဒီဇင်ဘာ
ရန်ကုန်စတော့အိတ်ချိန်း၏ နိုဝင်ဘာလအတွင်း အစုရှယ်ယာ ရောင်းဝယ်မှုအနေဖြင့် အောက်တိုဘာလထက် ၁၂ ရာခိုင်နှုန်းခန့် အရောင်းအဝယ် ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း အစုရှယ်ယာပေါင်း တစ်သိန်း တစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေတန်ဖိုးအားဖြင့် ၅၈၉ သန်းဖိုး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာလအတွင်း ၆၇၃ သန်းဖိုး အရောင်းအဝယ် ဖြစ်ခဲ့သည့်အတွက် နိုဝင်ဘာလ၏ ရောင်းဝယ်မှု ပမာဏမှာ ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
မြန်မာစတော့အညွှန်းကိန်း MYANPIX မှာ အောက်တိုဘာလတွင် ၄၄၁ ပွိုင့်မှ နိုဝင်ဘာလတွင် ၄၅၃ ပွိုင့်အထိ မြင့်တက်လာခဲ့သည့်အတွက် နိုဝင်ဘာလတွင် အရောင်းအဝယ်ပမာဏ ကျဆင်းခဲ့သော်လည်း စတော့ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရင်းနှီးမြုပ်နှံသူများအနေဖြင့် ကုမ္ပဏီ တစ်ခု၊ နှစ်ခုကိုသာ အာရုံစိုက်ပြီး အစုရှယ်ယာ ဝယ်ယူကြသည့်အတွက် အဆိုပါကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်သွားပြီး စတော့အညွှန်းကိန်းလည်း မြင့်တက်ခဲ့ဖြစ်ကြောင်း သိရသည်။
“စတော့ဈေးကွက်တစ်ခု အောင်မြင်တိုးတက်ဖို့ဆိုတာမှာ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး စတာတွေ တည်ငြိမ်နေဖို့ လိုပါတယ်။ လက်ရှိ ကိုဗစ်ကာလမှာ ရန်ကုန်စတော့အိတ်ချိန်းရဲ့ စာရင်းဝင်ကုမ္ပဏီ ခြောက်ခု စလုံးဟာ ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ခဲ့လို့ စတော့အရောင်းအဝယ်တွေ ဈေးနှုန်းတွေဟာ သိသာတဲ့ ကျဆင်းမှု မရှိဘဲ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမှာရော မြန်မာမှာပါ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးတွေ ကျဆင်းခဲ့ ပေမယ့် စတော့ဈေးကွက်ရဲ့ အရောင်းအဝယ်ကတော့ ကျဆင်းမသွားတာကို တွေ့ရပါတယ်” ဟု ရန်ကုန် စတော့အိတ်ချိန်းမှ အမှုဆောင် အကြီးတန်းမန်နေဂျာ ဉီးသက်ထွန်းဉီးက ပြောကြားသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ GIZ, SBFIC, DGRV, JICA နှင့် UNCDF တို့ ပူးပေါင်းကျင်းပသော 3rd World Savings Day Event တွင် ရန်ကုန်စတော့အိတ်ချိန်းမှ Introduction to Stock Investment ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - လင်းညွန့်


