ရန်ကုန် ၇ အောက်တိုဘာ
ရန်ကုန်စတော့အိတ်ချိန်း၌ စက်တင်ဘာလအတွင်း အစုရှယ်ယာအရေအတွက် ငါးသိန်းနီးပါး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း Normal Trading စနစ်ဖြင့် ရှယ်ယာပေါင်း ၄၂၁၃၅၈ စုအရောင်းအဝယ် ဖြစ်ခဲ့ပြီး ငွေတန်ဖိုးအားဖြင့် ကျပ် ၂.၇၄၈ ဘီလီယံဖိုးအရောင်းအဝယ်ဖြစ်ခဲ့သည်။ Block Trading စနစ်ဖြင့် ရှယ်ယာပေါင်း ၇ သောင်းနှင့် ငွေတန်ဖိုးအားဖြင့် ၅၃၅ သန်းဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ရှယ်ယာအရေအတွက် စုစုပေါင်း ၄၉၁၃၅၈ စုနှင့် ငွေကျပ် ၃.၂၈၃ ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ သည်။
လက်ရှိဖြစ်ပေါ်နေသော အာရှစတော့ဈေးကွက်အခြေအနေနှင့်ပတ်သက်၍ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက “စတော့ဈေးကွက် သုတေသီတွေက အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲနဲ့ ကမ္ဘာစီးပွားရေးအခြေအနေ နှေးကွေးလာမှုကြောင့် အာရှစတော့ဈေးကွက်မှာ ပါဝင်ရောင်းဝယ်ကြမယ့် ကုမ္ပဏီတွေရဲ့ အနာဂတ်ဝင်ငွေအလားအလာကို လျော့ချခန့်မှန်းခဲ့ကြပါတယ်” ဟု ရှင်းပြသည်။
ထို့ပြင် စတော့ဈေးကွက်သုတေသီများက ၂၀၁၉ ခုနှစ်အတွင်း အာရှကုမ္ပဏီများ၏ ဝင်ငွေသည် ဝ ဒသမ ၄ ရာခိုင်နှုန်း နိမ့်ကျမည်ဟု ခန့်မှန်းခဲ့ပြီး ဂျပန်ကုမ္ပဏီများ၏ ဝင်ငွေကို ၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းမည်ဟု ခန့်မှန်းခဲ့ကြသည်။ ထို့အတူ ဩစတေးလျနှင့် ဗီယက်နမ်ကုမ္ပဏီတို့၏ ဝင်ငွေကိုလည်း ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ထူးခြားမှုအနေဖြင့် ယခုနှစ်အတွင်း ထိုင်ဝမ်နှင့် အိန္ဒိယကုမ္ပဏီများ၏ ဝင်ငွေတိုးတက်လာမည်ဟု ခန့်မှန်းခဲ့ကြကြောင်း ဦးသက်ထွန်းဦးက ဆက်လက်ပြောကြားသည်။
အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်ကာပူစတော့အိတ်ချိန်းတွင် စတော့ဈေးနှုန်းများ ၃ ရက်ဆက်တိုက် ကျဆင်းခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် ဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့သည်။ အထူးသဖြင့် DBS ဘဏ္ဍရေးအုပ်စုနှင့် တယ်လီကွန်းဆက်သွယ်ရေးရှယ်ယာဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။ ထိုင်း စတော့အိတ်ချိန်းတွင် စွမ်းအင်နှင့်ဘဏ်များ၏ ရှယ်ယာဈေးနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး အင်ဒိုနီးရှား စတော့အိတ်ချိန်း၌ Unilever အပါအဝင် စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် YSH Expo 2019 ကို ပြုလုပ်ခဲ့ ပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အတွင်း စတော့အရောင်းအဝယ် ပြုလုပ်ခဲ့သည့် ရင်းနှီးမြှပ်နှံသူများကို ကံစမ်းမဲအစီအစဉ် ပြုလုပ်ပေးခဲ့ရာ ဆုရရှိသူများစာရင်းကို ရန်ကုန်စတော့အိတ်ချိန်းမှ မကြာမီထုတ်ပြန်ပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်း၌ ကျင်းပမည့် Investor Promotion Seminar နှင့်အတူ ဆုချီးမြှင့်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း (ရန်ကုန်စတော့အိတ်ချိန်းဓာတ်ပုံ)


