ရန်ကုန် မတ် ၂၉
ရန်ကုန်ဂေါက်သီးရိုက်အသင်း၏ (၁၁၇)ကြိမ် မြောက်နှစ်ပတ်လည် အသင်းသား အသင်းသူများ၏ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် Annual At Home အခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါ ဂေါက်ကွင်း၌ ကျင်းပသည်။
ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အဆိုပါဂေါက်ကွင်း၌ အောင်မြင်စွာ ကျင်းပခဲ့ပြီး ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေပိုင်းတွင် ဆက်လက်ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်ဂေါက်သီးရိုက်အသင်း Captain ဦးကိုကိုအေးက အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး Captain ဦးကိုကိုအေး၊ အတွင်းရေးမှူး ဦးခင်မောင်တင့်နှင့် ဘဏ္ဍာရေးမှူး ဦးဇေယျာအောင်တို့က ၂၀၂၅ ခုနှစ်အတွက် ဝန်ထမ်းများ၏ ဆုကြေးငွေကျပ် ၆၈၉၁၀၀၀၀ ကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အတွင်းရေးမှူး ဦးခင်မောင်တင့်က Annual At Home အတွက် ပါဝင်ကူညီကြသူ စေတနာရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး ပါဝင်ကူညီသူများစာရင်းကိုကြေညာကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ရန်ကုန်ဂေါက်အသင်းမှ Captain ဦးကိုကို အေးက ယခင် Captain ဟောင်းများအား နေရာအရောက် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ခုနှစ်များတွင် ကျင်းပသော ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ရန်ကုန်ဂေါက်အသင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကိုချစ်က ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ၂၀၂၆ ခုနှစ် Professional အဆင့်အတွက် ဆုရရှိသူများအား အတွင်းရေးမှူး ဦးခင်မောင်တင့်က လည်းကောင်း၊ ၂၀၂၅ ခုနှစ်အတွက် Club Championship ဆုများကို နာယက ဦးဇော်မင်းက လည်းကောင်း၊ မတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သော Captain Cup ပြိုင်ပွဲတွင် ဆုရရှိသူများအား ရန်ကုန်ဂေါက်အသင်းမှ Captain ဦးကိုကိုအေးကလည်းကောင်း၊ မတ် ၂၉ ရက်တွင် ကျင်းပခဲ့သော ပြိုင်ပွဲများ၌ ဆုရရှိသူများအား ရန်ကုန်ဂေါက်သီးရိုက်အသင်း လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်မောင်ဝင်းက လည်းကောင်း၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ Hole In One ဆုရရှိသူများအား ရန်ကုန်ဂေါက်အသင်းမှ ဂေါက်ကွင်းစိမ်းလန်း စိုပြည်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးချန်ထွန်းအောင်က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ရန်ကုန်ဂေါက်အသင်း နှစ်ပတ်လည်အသင်းသား အသင်းသူများ၏ ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့ပြီး ရွှေအဆင့် (H’ Cap 0-12) ပြိုင်ပွဲတွင် အားကစားသမား ၂၇ ဦး၊ ငွေအဆင့် (H’ Cap 13–18) ပြိုင်ပွဲတွင် အားကစား သမား ၄၂ ဦး၊ ကြေးအဆင့် (H’ Cap 19-24) ပြိုင်ပွဲတွင် အားကစားသမား ၅၁ ဦး၊ အမျိုးသမီးပြိုင်ပွဲတွင် ကစားသမားကိုးဦး၊ Professional အဆင့်ပြိုင်ပွဲတွင် ခြောက်ဦး အားကစားသမား စုစုပေါင်း ၁၃၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)ကို ၁၉၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၁၇ နှစ်ရှိ ဂေါက်ကွင်း တစ်ခုဖြစ်ကြောင်း သိရသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ရန်ကုန်ဂေါက်သီးရိုက်အသင်း


