ရန်ကုန် ဖေဖော်ဝါရီ ၉

 

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် နွေရာသီကာလ ဓာတ်အားပြတ်တောက်မှု မရှိစေရေး၊ ဗို့အားပြည့်ဝစွာ ရရှိရေးတို့အတွက် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီ ၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် လက်ခုပ်ကုန်းမြို့၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ရှိ လျှပ်စစ် ဓာတ်အားခွဲရုံများနှင့် မြို့နယ် လျှပ်စစ် မန်နေဂျာရုံးများကို ကွင်းဆင်းစစ်ဆေးသည်။

 

ဦးစွာ ဒလမြို့နယ် လျှပ်စစ် မန်နေဂျာရုံးနှင့် ၃၃ ကေဗွီမြို့နယ် ရုံး ဓာတ်အားခွဲရုံသို့ ရောက်ရှိစဉ် ဓာတ်အားရရှိမှု/ ဓာတ်အား ဖြန့်ဖြူးထားမှုများ၊ ဓာတ်အား ပျောက်ဆုံးမှု ကျဆင်းရေး၊ ဓာတ်အားခ ကြွေးကျန်ကျဆင်းရေး ဆောင်ရွက်ထားမှုများ၊ ဓာတ်အားခ ကောက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် လက်ခုပ်ကုန်းမြို့နှင့် ကွမ်းခြံကုန်းမြို့နယ် လျှပ်စစ် မန်နေဂျာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကော့မှူးမြို့နယ် လျှပ်စစ် မန်နေဂျာရုံးနှင့် ၃၃ ကေဗွီမြို့နယ်ရုံး ဓာတ်အားခွဲရုံသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေး၊ ထရန် စဖော်မာများ လောင်ကျွမ်းမှုမဖြစ်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများကို စိစစ်ဖော်ထုတ် အရေးယူရေး၊ ဓာတ်အားခ ကြွေးကျန်ကျဆင်းရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့က ကြပ်မတ်ကြိုးစား ဆောင်ရွက်ရန်တို့ကို  အသေးစိတ် မှာကြားပြီး ရှာဘွားအုပ်စု ဆူးကလပ်မွေးမြူရေး ဇုန်အတွင်း ဓာတ်အားရရှိမှု၊ ဓာတ်အားဖြန့်ဖြူး ထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ချစ်ဆောင်(YESC)