မန္တလေး  ၂၅  ဧပြီ

 

ရန်ကုန်မှ မန္တလေးသို့ ရထားဖြင့်လိုက်ပါလာသော ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မန္တလေးဘူတာကြီးတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး နေရပ်ပြန်သည့်ခရီးသည်များ အဆင်ပြေချောမွေ့ စေရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

"ရန်ကုန်တိုင်းဒေသကြီးကလာတဲ့ ခရီးသည်တွေကို အခုလိုစစ်ဆေးတာက ဧပြီ ၂၃ ရက်နေ့ကစခဲ့တာ၊ ကျန်းမာရေး ဦးစီးဌာနကနေ ရထားပေါ်က ခရီးသည်အားလုံးကို ကိုယ်အပူချိန်တိုင်းတာပါတယ်၊ အားလုံးရဲ့ ကိုယ်အပူချိန်က သတ်မှတ်တာထက် ကိုယ်ပူချိန်မြှင့်တာ မရှိပါဘူး၊ မန္တလေးတိုင်းဒေသကြီးမှာ နေမယ်ဆိုရင် Quarantine ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် Quarantine မဝင်ချင်ရင် မူလလာတဲ့ ရန်ကုန်ကို ပြန်သွားခွင့်ပြုထားတယ်၊ မြစ်ကြီးနားကို ခရီးဆက်မယ်ဆိုရင် ခရီးဆက်ခွင့်ပြုထားတယ်" ဟု မန္တလေးဘူတာကြီး ရုံပိုင်ချုပ်ကြီး ဦးမြင့်သိန်းက ပြောသည်။ 

 

ရန်ကုန်မှ မန္တလေးဘူတာသို့ ဧပြီ ၂၄ ရက်နေ့က ဆိုက်ရောက်သော ခရီးသည်များတွင် ရန်ကုန်၊ မြစ်ကြီးနား၊ စစ်ကိုင်း မုံရွာမြို့၊ အမရပူရ၊ ပုလဲ၊ ဖြူး၊ ပြင်ဦးလွင်မြို့များသို့ ပြန်မည့်သူများပါဝင်ပြီး မန္တလေးမြို့တွင် နေထိုင်မည့်သူများကို ကမ်းနားလမ်းရှိ သံဃာဆေးရုံတွင် Quarantine ဆောင်ရွက်ထားကြောင်း သိရသည်။ 

 

"ခရီးသွားပြည်သူတွေကို အခုလို ကိုယ်ပူချိန်တိုင်းတာ၊ လမ်းကြောင်းအနေအထား ဘယ်သွားခဲ့လဲမေးတာတွေ လုပ်ဆောင်နေတာတွေက ကောင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် အဖွဲ့ထဲမှာ တစ်ယောက်လောက် ကျန်းမာရေး မကောင်းဖြစ်ခဲ့မယ်ဆိုရင် ဒီလူရဲ့ နောက်ကြောင်းဆက်နွယ်တဲ့ အရာတွေအားလုံး လိုက်လို့ရတဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာန အသီးသီးကလည်း ဆောင်ရွက်ရတာတွေ အဆင်ပြေလိမ့်မယ်၊ ကျွန်တော်တို့အနေနဲ့လည်း ဒီလိုကြပ်မတ်ပေးတဲ့အတွက် တော်တော်အဆင်ပြေပါတယ်" ဟု မြစ်ကြီးနားသို့ပြန်မည့် ခရီးသည် ကိုအောင်သူငြိမ်းက ပြောသည်။ 

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ် ကုသခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိပ်ထားနိုင်(ပြန်/ဆက်)