၂၃ ဇန်နဝါရီ
ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ရေအရင်းအမြစ်အသုံးချရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နယ်သာလန်နိုင်ငံဘက်မှ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီး မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးနေသည့် အပေါ် အထူးကျေးဇူးတင်ကြောင်း၊ ရန်ကုန်မြို့သည် ရေလမ်းကြောင်း၊ ရေသုံးစွဲမှု၊ ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ အခက်အခဲများရှိကြောင်း၊ အခက်အခဲများကို ကောင်းမွန်သည့် နည်းပညာရပ်များကို အသုံးချ၍ ဖြေရှင်းရမည်ဖြစ်ပြီး မိမိတို့လုပ်မည့် အစီအစဉ်များကို ရေရှည်အတွက် ဆောင်ရွက်သွားရန် လိုကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပညာရှင်များ၏ ဆုံးဖြတ်အကြံပြုချက်များကနေ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Netherlands Enterprise Agency မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မြစ်အတွင်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နယ်သာလန်နိုင်ငံ သံရုံး၊ Netherlands Enterprise Agency တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


