ရန်ကုန်၊ ၁၄ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြစ်တွင်းသွား ခရီးသည်တင် စက်တပ်သမ္ဗန်များအား သက်တမ်းတိုးလိုင်စင် ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ် ရေယာဉ် စစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ သမဝါယမအသင်း လီမိတက်ပိုင် ကမာကဆစ်ကူးတို့ဆိပ်နှင့် သမ္မတကမ်းခြေကူးတို့ဆိပ်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းအိခိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများက ကမာကဆစ်ကူးတို့ဆိပ်နှင့် သမ္မတကမ်းခြေ ကူးတို့ဆိပ်တို့ရှိ စက်တပ်သမ္ဗန်များ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး၊ တင်ဆောင်ခွင့်ပြုထားသော ခရီးသည် ၁၂ ဦး အနက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလဖြစ်ခြင်းကြောင့် ခရီးသည် ၁၀ ဦးသာ တင်ဆောင်စေရေး၊ ကုန်ပစ္စည်းများတင်ဆောင်ပါက ခရီးသည်လျော့တင်ဆောင်ရေး၊ မီးလောင်ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်ပါက ခရီးသည်တင်ဆောင်ခြင်း မပြုလုပ်စေရေး၊ မြို့နယ်မှ အခါအားလျော်စွာ ထုတ်ပြန်သော အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာနိုင်ရေး၊ ကိုဗစ်ကာလ ရေယာဉ်မောင်းနှင်သူနှင့် ခရီးသည်များ နှာခေါင်းစည်းများ တပ်ဆင်စေရေးနှင့် မြူနှင်းများ ထူထပ်စွာကျချိန်တွင် စက်တပ်သမ္ဗန်များ မောင်းနှင် ထွက်ခွာခြင်း မလုပ်စေရေးအတွက် ပြောကြားခဲ့ပြီး စက်တပ်သမ္ဗန်များတွင် ထားရှိရမည့် ပစ္စည်းများပြည့်စုံမှု ရှိ၊ မရှိနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို စစ်ဆေးခဲ့ကြသည်။
မြို့နယ် စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက “ကျွန်တော်တို့ ဒီနေ့က စက်တပ်သမ္ဗန် ရေယာဉ်တွေပေါ်မှာ ထားရှိရမယ့် ပစ္စည်းတွေပြည့်စုံမှု ရှိ၊ မရှိကို မြို့နယ်ရေယာဉ်စစ်ဆေးရေးအဖွဲ့နဲ့အတူ လိုက်လံစစ်ဆေးတာပါ။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ခရီးသည်တင် စက်တပ်ရေယာဉ်များကို သက်တမ်းတိုး လိုင်စင်ထုတ်ပေးနိုင်ရေးအတွက်ဖြစ်ပါတယ်၊ သမ္ဗန်ရေယာဉ်တွေမှာ အရေးပေါ်အတွက် အသက်ကယ်အင်္ကျီ၊ ဝီစီ၊ အချက်ပြအလံ၊ ပွိုင့်မီး၊ ကျောက်နဲ့ ကျောက်ကြိုးတွေ၊ လှော်တက်(ခက်တက်)၊ အင်ဂျင်စက်၊ သမ္ဗန်ကိုယ်ထည်ကြံ့ခိုင်မှုတွေ ပြည့်စုံမှု မရှိတဲ့ သမ္ဗန်ရေယာဉ်တွေကို စစ်ဆေးတွေ့ရှိခဲ့ရင် လိုင်စင်ထုတ်ပေးမှာ မဟုတ်ပါဘူး။ ပြည့်စုံမှုရှိမှာသာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့က စတင်ပြီးတော့ စက်တပ်သမ္ဗန်အားလုံးကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြစ်တွင်း၌ လူးလာခေါက်တုံ့ သွားလာနေသော ခရီးသည်တင် စက်တပ်ရေယာဉ်ပေါ်တွင် ထားရှိရမည့် ပစ္စည်းများ ပြည့်စုံမှု မရှိသော ရေယာဉ်များကို စစ်ဆေးအရေးယူ ဆောင်ရွက်ရာတွင် အသက်ကယ်အင်္ကျီများ ပြည့်စုံမှုမရှိသော ရေယာဉ်များကို ၃ ရက်နှင့် ညအချိန် အချက်ပြ ပွိုင့်မီးမထိုးပါက ၃ ရက် ရပ်နားစေခြင်း စသည့် ပြစ်ဒဏ်များ ပေးလျက်ရှိကြောင်း၊ ထိုသို့ စက်တပ် ရေယာဉ်မောင်းနှင်သူများကို အရေးယူမှုကြောင့် ခရီးသည်နှင့် ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချော်မွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရပြီး သမ္ဗန်စီးနင်းကြသော ခရီးသည်များနှင့် သမ္ဗန်မောင်းနှင်သူများအတွက် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံကြေးပေးသွင်းမှုကြောင့် မြစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် သူတစ်ပါးထိခိုက်ဒဏ်ရာရရှိပါက အသက်အာမခံကြေးရရှိမည်ဖြစ်ပြီး သမ္ဗန် စီးနင်းကြသော ခရီးသွားမိဘပြည်သူများအားလုံး အကျုံးဝင်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒလမြို့နယ်၌ မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ပိုင် ကူးတို့သမ္ဗန်ဆိပ် ခြောက်ခုရှိရာ ကမာအောင် ကူးတို့ဆိပ်၌ အစီး ၁၈၀၊ တံလျှပ်ကူးတို့ဆိပ်၌ ၄၆ စီး ရေကန်ကူးတို့ဆိပ်၌ ၂၂ စီး၊ ဆာပါချောင်ကူးတို့ဆိပ်၌ ၄၁ စီး၊ ကျောင်းစု ကူးတို့ဆိပ်၌ ၂၂ စီး၊ ကျောင်းစုခွဲ(လက်ခပ်မှစက်တပ်)ကူးတို့ဆိပ်၌ အစီး ၂၀ တို့ဖြစ်ပြီး သမဝါယမအသင်း လီမိတက်ပိုင် ကူးတို့သမ္ဗန်ဆိပ် ၅ ဆိပ်ဖြစ်သည့် သမ္မတကမ်းခြေကူးတို့ဆိပ်၌ ၃၄ စီး၊ ကမာကသွယ်ကူးတို့ဆိပ်၌ အစီး ၃၀၊ စက်မြေကူးတို့ဆိပ်၌ ၃၃ စီး၊ ကမာကဆစ်ကူးတို့ဆိပ်၌ ၄၁ စီး၊ မှော်စက်ကူးတို့ဆိပ်၌ ၃၅ စီး တို့ရှိရာ စုစုပေါင်း ကူးတို့ဆိပ် ၁၁ ခုတွင် စက်တပ်သမ္ဗန်အစီးရေ စုစုပေါင်း ၅၀၄ စီးရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)


