ရန်ကုန် ဇူလိုင် ၁

 

ရန်ကုန်မြို့ အဆောက်အအုံများအား ငလျင်နှင့် သဘာဝဘေးအန္တရာယ် အကဲဖြတ်ခြင်း စီမံကိန်း (Pilot Survey Project) မိတ်ဆက်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့် အောင်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးတို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်း က ငလျင်ဘေးအန္တရာယ် လျော့ပါးရေးနှင့် အနာဂတ်မျှော်မှန်းချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဝေရာအောင်က စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်လက်များကို လည်းကောင်း ရှင်းလင်းတင်ပြကာ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌတို့က ကျေးဇူးတင် စကားပြောကြားသည်။

 

အဆိုပါလုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်း၍ ဇူလိုင် ၁ ရက်မှစတင်ပြီး Pilot Survey Project အဖြစ် ရန်ကုန်မြို့ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ရုံးအဆောက်အအုံများနှင့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိမှုအပေါ် စနစ်တကျစစ်ဆေး အကဲဖြတ်ကာ အန္တရာယ်ရှိနိုင်မှု အဆင့်အလိုက် ခွဲခြားသတ်မှတ် သွားမည်ဖြစ်သည်။ ထိုစီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်များတွင် ကနဦးစတင်ဆောင် ရွက်သွားမည်ဖြစ်ပြီး စစ်ဆေး တွေ့ရှိချက်များအပေါ် မူတည်၍ လိုအပ်သောပြုပြင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို အဆင့်လိုက် ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်