၁၄ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပသည့် ဆဋ္ဌမကြိမ်မြောက်၊ မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် သာကေတမြို့နယ်ရှိ Myanmar Expo @ Fortune Plaza ၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားသည်။

 

ဝန်ကြီးချုပ်က “မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အခြေခံပြီး စိုက်ပျိုးရေးနှင့် ပတ်သက်လျှင် ထုတ်လုပ်နိုင်သည့်စွမ်းအား ရှိပါကြောင်း၊ ဒါပေမယ့် ဈေးကွက်မှာ တန်ဖိုးမြင့် ရောင်းချနိုင်သည့် အခြေအနေကတော့ လိုအပ်ချက် ရှိနေဆဲပဲဖြစ်ကြောင်း၊ ယင်းလိုအပ်ချက်ကို မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချရေး အသင်းကနေ အဆင့်မြှင့်တင်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတာကို  ကြားသိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ မိမိတို့နိုင်ငံက ထုတ်ကုန်ကို ဝယ်ယူနိုင်သည့် ဈေးကွက်များ အဝေးကြီးကိုမျှော်တွေး နေစရာမလိုဘဲ အိမ်နီးချင်းမှာတွင် ရှိနေတာဖြစ်ကြောင်း၊  ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ အာဆီယံနိုင်ငံများကို တင်ပို့နိုင်သည့် အခွင့်အလမ်း ရှိပါကြောင်း၊ ယင်းဈေးကွက်ကို ဝင်ရောက်နိုင်ဖို့အတွက် မိမိတို့ ကုန်စည်များ အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆဋ္ဌမကြိမ်မြောက်၊ မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဆင့်မီ စားသောက်ကုန်များကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်ပြီး လုပ်ငန်းရှင်အချင်းချင်း အပြန်အလှန် စီးပွားရေးဆက်သွယ်မှု ရရှိနိုင်ရန်၊ နည်းပညာနှင့် ခေတ်မီစက်ကိရိယာများကို လေ့လာပြီး ထုတ်လုပ်မှု စံချိန်၊ စံနှုန်း မြင့်မားစေရန် ရည်ရွယ်လျက် ဆဋ္ဌမကြိမ်မြောက် အကြီးမားဆုံး မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲကြီးကို ဖေဖော်ဝါရီ (၁၄)ရက်မှ (၁၆)ရက်အထိ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

 

ထို့အပြင် စားသောက်ကုန်လုပ်ငန်း စတင်လုပ်ကိုင်မည့် လူငယ်လုပ်ငန်းရှင် အသစ်များအတွက် လိုအပ်သော အစားသောက် ထုတ်လုပ်မှုကွင်းဆက် (Food Supply Chain) တစ်လျှောက် သိမှတ်ဖွယ်ရာများ၊ ဘေးအန္တရာယ်ကင်းပြီး အရည်သွေး ပြည့်မှီသော စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တရားမျှတစွာ ယှဉ်ပြိုင်ရောင်းချနိုင်ရေးတို့အတွက် မြန်မာ့စားသောက်ကုန် အရည်အသွေး ထိန်းသိမ်းရေး အခြေခံအဆောက်အအုံ စနစ်များအား အသိပညာပေး ရှင်းလင်းပြောကြားခြင်းများကို ဖေဖော်ဝါရီ (၁၅)ရက်၊ နံနက် (၁ဝ) နာရီမှ (၄) နာရီအထိ ဝင်ကြေး အခမဲ့ဖြင့် ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)