ရန်ကုန် နို၀င်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီးရှိ ပန်းခြံနှင့် အားကစားကွင်းအားလုံးကို နို၀င်ဘာ ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရန် နို၀င်ဘာ ၃ ရက်မှစ၍ မဟာဗန္ဓုလပန်းခြံကို နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ပေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ သိရသည်။
"ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပန်းခြံကို ယာယီပိတ်ထားပြီး နို၀င်ဘာ ၁ ရက်မှာ ပြန်ဖွင့်လှစ်ခွင့်ပေးလိုက်တယ်။ မဟာဗန္ဓုလပန်းခြံ ပုံမှန်ပြန်ဖွင့်ချိန် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိပါ။ ဒါပေမဲ့ အားကစားပြုလုပ်ကြတဲ့ ပြည်သူတွေက တင်ပြလာတာကြောင့် နို၀င်ဘာ ၃ ရက်ကစပြီး နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ အချိန်တိုးမြှင့် သတ်မှတ်ပေးလိုက်တာပါ”ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန၊ ဌာနမှူး ဦးကိုကိုလင်းက ပြောသည်။
အဆိုပါ မဟာဗန္ဓုလပန်းခြံ၀င်ပေါက်ကို မဟာဗန္ဓုလလမ်းအပေါက်၊ ဆူးလေဘုရားလမ်းအပေါက် ဖွင့်လှစ်ထားကာ မြို့တော်ခန်းမအရှေ့ အပေါက်ကိုပိတ်ထားပြီး နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းရှိ ပန်းခြံပေါင်း ၆၂ ခုနှင့် အားကစားကွင်းပေါင်း ၁၆၁ ခုကို ယာယီပိတ်ထားခဲ့ကာ ယခုအခါ ပြန်လည်ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
အာကာစိုး


