ရန်ကုန် ၁၀ အောက်တိုဘာ
ပြည်တွင်းကုန်ထုတ်လုပ်သူများကို နိုင်ငံတကာ ထိပ်တန်းကုမ္ပဏီများနှင့် ချိတ်ဆက်ပေးနိုင်ရန် အတွက် မြန်မာ နိုင်ငံ၌ အကြီးမားဆုံးစက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပြပွဲကို ရန်ကုန်မြို့ သာကေတမြို့နယ် ရှိ မြန်မာအိတ်စပို၌ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၉ ရက်နေ့နံနက်ပိုင်းက မြန်မာအိတ်စပိုခန်းမ၌ ကျင်းပခဲ့ ရာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမျိုးသန့်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်သူများအသင်း ဒုတိယဥက္ကဌ ဉီးဝင်းနိုင်တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပြီး ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ပြပွဲတွင် အဆောက်အဉီနှင့်ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်း၊ သတ္တုတွင်းတူးဖော်ရေး နှင့် ရှာဖွေရေးလုပ်ငန်းများအတွက် နည်းပညာများကို ပြသထားကြောင်း တွေ့ရသည်။ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ မြန်မာ၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲ ၆ ခုအပြင် တရုတ်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့်မြန်မာတို့မှ ပြသသူ ၁၀ဝ ကျော်ပါဝင်ကြောင်း သိရသည်။
ပြပွဲကို မြန်မာအိတ်စပိုခန်းမ၌ ၃ ရက်ကြာ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


