ရန်ကုန် ၁ ဒီဇင်ဘာ
ရန်ကုန်မြို့၌ တတိယအကြိမ်မြောက် မာရသွန်အပြေးပြိုင်ပွဲကြီးကို ယနေ့နံနက် ၅ နာရီခွဲက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ပြည်တွင်း ပြည်ပ အပြေးအားကစားသမား ၅၀ဝ၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့၏ အားပေးကူညီမှုဖြင့် Yangon 100PLUS Active Run မာရသွန် အပြေးပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲ၌(၁၀) ကီလိုမီတာပြိုင်ပွဲ၌ သုဝဏ္ဏ ဘောလုံးကွင်းမှ ဝေဇန္ဒယာလမ်းရှိ ပါရမီ မီးပွိုင့်အထိ ဘောလုံးကွင်းတစ်ပတ်၊ (၅) ကီလိုမီတာတွင် သုဝဏ္ဏ ဘောလုံးကွင်းမှ ရတနာလမ်း၊ ရတနာလမ်းမီးပွိုင့်မှ ဘောလုံးကွင်းတစ်ပတ်၊ အပြေးပြိုင်ပွဲကြပြီး တာထွက်ဘောလုံးကွင်းသို့ ပန်းဝင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီး ၁၀ ကီလိုမီတာ အမျိုးသားအလွတ်တန်းပြိုင်ပွဲ၌ ကင်ညာမှ Enock Ligen က ပထမ၊ မြန်မာမှ စန်းနိုင်က ဒုတိယ၊ ဇာနည်းထွန်း တတိယ၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာမှ အေးအေးသန့်က ပထမ၊ ခင်မာဆယ်က ဒုတိယ၊ အေးအေးအောင်က တတိယရရှိခဲ့ကြသည်။
အဆိုပါ အလွတ်တန်းအမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၌ ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယ ၈ သိန်း၊ တတိယ ငါးသိန်း၊ အဆင့် ၄ မှ ၁၀ အထိ တစ်သိန်းစီ၊ အဆင့် ၁၁ မှ ၂၀ အထိ ငါးသောင်းစီ ချီးမြှင့်သည်။ အဆိုပါ မာရသွန်ပြိုင်ပွဲသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဒုတိယ မြို့တော်ဝန် ဦးစိုးလွင်နှင့် ကော်မတီဝင်များ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်ဖွင့်လှစ် ပေးကြပြီး ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-အာကာစိုး