ရန်ကုန် ၃၀ မေ
ရန်ကုန်မြို့ပြအမွေအနှစ်စာရင်း၌ ပါဝင်လာခဲ့သော ဒဂုံမြို့နယ် စကားဝါလမ်းရှိ ပဲခူးကလပ်ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ မြို့ပြအမွေအနှစ်အထိမ်းအမှတ်အဖြစ် အခု ၃၀ မြောက် အပြာရောင်ကမ္ဗည်းပြားကို တင်ဆင်ခဲ့သည်။
အဆိုပါ အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှတ်တရစကားပြောကြားခဲ့ပြီး ပဲခူးကလပ်မှ Ms. Deborah Kyaw Thaung က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ကမ္ဗည်းပြားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သပြေခက် ဖြင့် အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
“ကျွန်တော်တို့ရဲ့ မြို့ပြအမွေအနှစ်အဆောက်အအုံတွေမှာ သမိုင်းကြောင်းတွေရှိပါတယ်။ ဒီသမိုင်းတွေကို ကျွန်တော်တို့ရဲ့ နောင်မျိုးဆက်တွေကို ပေးချင်ပါတယ်။ အဆောက်အဦးတွေတိုင်းမှာ ခေတ်အဆက်ဆက် ရဲ့ သမိုင်းတွေရှိပါတယ်။ ဒီသမိုင်းတွေကို အခုလို အဆောက်အဦးတွေကို မြင်တွေ့ခြင်းအားဖြင့် ပြောနိုင်မှာ ဖြစ်ပါတယ်။ မြင်တွေ့ခွင့်မရတော့ဘူးဆိုရင် ဒီသမိုင်းတွေဟာ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မှာ တစ်ချို့အထင်ကရအဆောက်အအုံကြီးတွေဟာ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ အခု ၃၀ မြောက် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခြင်းခံရသော ပဲခူးကလပ်သည် သက်တမ်းရင့် ကိုလိုနီခေတ်လက်ရာတစ်ခုဖြစ်ပြီး ပင်မဆောင်အပါအဝင် မူလဆောင်များကို ကျွန်းသားအပြည့်ဖြင့် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ မူလက ကန်တိုမင်ဧရိယာအတွင်း ၁၈၇၁ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၈၈၂ ခုနှစ်တွင် ယခုတည်နေရာသို့ ပြောင်းရွှေ့လာခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ကလပ်အဆောက်အအုံကို ပြောင်း လဲမှုများ ပြုလုပ်ခဲ့ပြီး ဗြိတိန်အိမ်ရှေ့စံမင်းသားအား ဧည့်ခံရန် Prince of Wales ခန်းမဆောင်ကို ထည့်သွင်း တည်ဆောက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်၏ သီးသန့်ကလပ်အဖြစ် အသုံးပြုခဲ့ပြီး မဟာမိတ်တပ်များ သိမ်းပိုက် အပြီးတွင် ဗြိတိသျှလေတပ်အရာရှိများက အသုံးပြုခဲ့သည်။ စစ်အပြီးတွင် ကလပ်ကို မြန်မာလူမျိုးများ ပထမ ဆုံးအကြိမ် အသင်းဝင်အဖြစ် ဝင်ခွင့်ရခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကလပ်ကို ပိတ်ခဲ့ပြီး ဆိုရှယ်လစ်ခေတ်တွင် ပြည်သူပိုင်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် တပ်မတော်၏ အရာရှိဆောင်အဖြစ် ခေတ္တအသုံးပြုခဲ့ပြီး တပ်မ တော်ငွေစာရင်းရုံးအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။ ၂၀ဝ၀ ပြည့်နှစ်အစောပိုင်းမှစ၍ အသုံးမပြုတော့သည့် အတွက် ယိုယွင်းပျက်စီးလာသည်။ လက်ရှိအချိန်တွင် KT Group က နှစ်ရှည်ငှားရမ်းထားပြီး အခမ်းအနား များ၊ ပွဲလမ်းသဘင်များ လက်ခံကျင်းပရန် ပင်မဆောင်၊ ခန်းမများ၊ ဥယျာဉ်များကို ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
ပဲခူးကလပ်သည် နာမည်ကျော်ပဲခူးကလပ်ကော့တေး အစပြုခဲ့ရာဖြစ်ပြီး အဆိုပါကော့တေးသည် ၁၉၃၀ ခုနှစ်ခန့်တွင် ကမ္ဘာ့တစ်ဝှမ်းတွင် လူကြိုက်များသည့် အဖျော်ယမကာဖြစ်လာခဲ့သည်။ ၁၈၈၉ ခုနှစ်တွင် အင်္ဂလပ်စာရေးဆရာကြီး Ruyard Kipling သည် ပဲခူးကလပ်တွင် တစ်ညနေလာရောက်အပန်းဖြေခဲ့ပြီး နာ မည်ကျော် Mandalay ကဗျာကို ကလပ်တွင် ကြားခဲ့ရသည်များအား အခြေခံ၍ ရေးစပ်ခဲ့သည်။ ထိုအချိန်က ရန်ကုန်ကလပ်များ၌ နာမည်အကြီးဆုံးဖြစ်ခဲ့သည့် ပဲခူးကလပ်တွင် အသင်းဝင်အများစုမှာ အစိုးရအရာရှိကြီး များ၊ ဗြိတိသျှစစ်တပ်အရာရှိကြီးများ၊ လူချမ်းသာများနှင့် လူရည်ဝင်ဆံ့သူများသာဖြစ်သည်။ အစိုးရ၏ အုပ် ချုပ်မှု မူဝါဒကို ကလပ်အသင်းသားများက များစွာလွှမ်းမိုးမှုရှိသည့်အတွက် အစိုးရကို ပဲခူးကလပ်အစိုးရဟု နောက်ပြောင်ခေါ်ဆိုခဲ့ကြသည်။
ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် အင်းလျားကန် (သို့) ရန်ကုန်တက္ကသိုလ် အတွင်းရှိ သစ်ပုပ်ပင်ကဲ့သို့ နေရာများကို ထပ်မံ၍ အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်သွားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း စီမံချက်အရာရှိ ကိုသူရိန်အောင်က ပြောကြားသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း