ရန်ကုန် ဇူလိုင် ၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် မှီခိုသူများအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိစစ်ဆေးခြင်းကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှိ ဝန်ထမ်းများသည် အကြောင်းအမျိုးမျိုးဖြင့် အများပြည်သူများနှင့် ၂၄ နာရီ အမြဲထိတွေ့နေရခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် စုပေါင်းနေထိုင်ရခြင်း စသည့် အခြေအနေ များကြောင့် သွားရောက်စစ်ဆေးဆောင်ရွက်မှသာ ရောဂါပိုးပျံ့နှံ့မှုအား အမြန်ဆုံးကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူများ၊ အနံ့ ပျောက်သူများအား ရောဂါပိုးရှာဖွေရန်အတွက် SML ရောဂါရှာဖွေရေး အထူးကျွမ်းကျင်သူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကိုကိုထွန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (ဆက်ဆံပြန်ကြား)ဌာနမှူး ဒေါက်တာတိုးအောင်တို့ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် ဌာန ၁၈ ခုရှိပြီး ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ရောဂါ လှည့်လည်စစ်ဆေးရေးယာဉ်ဖြင့် ရောဂါပိုး ရှိ/မရှိကို ဇူလိုင်၂၂ ရက်တွင် စတင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ လူတစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စစ်ဆေးပေးကြောင်း၊ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ တစ်ကြိမ်၊ တစ်နေ့ နှစ်ကြိမ် ဆောင်ရွက်ပေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လှည့်လည်စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးခြင်းဖြင့် ၁၀ မိနစ်အချိန် အတွင်း အဖြေချက်ချင်းသိရကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇူလိုင် ၂၂ ရက်တွင် ဝန်ထမ်း ၁၉ ဦး၊ မှီခို ၂၅ ဦး၊ စုစုပေါင်း ၄၄ ဦး၊ ဇူလိုင် ၂၃ ရက်တွင် ဝန်ထမ်း ၃၀၊ မှီခို ၃၇ ဦး၊ စုစုပေါင်း ၆၇ ဦး၊ ဇူလိုင် ၂၄ ရက်တွင် ဝန်ထမ်း ၁၂ ဦး၊ မှီခို  ၃၀၊  စုစုပေါင်း ၄၂ ဦးတို့ကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ဝန်ထမ်း ၁၃ ဦး၊ မှီခို ၃၈ ဦး၊ စုစုပေါင်း ၅၁ ဦးရှိခဲ့ကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများကို မအူကုန်း ကိုဗစ်-၁၉ ကုသရေးစင်တာသို့ တိုက်ရိုက်ပို့ဆောင်ကုသပေးလျက်ရှိကြောင်း၊ မအူကုန်း ကိုဗစ်-၁၉ စင်တာတွင် လူဦးရေ ၁၀၀ကို ကုသပေးနိုင်ကြောင်း၊ အောက်ဆီဂျင်လည်းအခမဲ့ထားရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ( ဆက်ဆံ/ပြန်ကြား) ဌာနမှူး ဒေါက်တာတိုးအောင်က ပြောသည်။

အောင်မြင့်(ပြန်/ဆက်)