မျိုးမင်းသိန်း(မရမ်းကုန်း)
ကားသုံးစွဲမှု တစ်နေ့တခြားများလာသော ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှုကလည်း တဖြည်းဖြည်း မြင့်တက်လာသည်ဖြစ်ရာ ပတ်ဝန်းကျင် သန့်ရှင်းသာယာမှုအတွက် ထိခိုက်မှုဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် စွမ်းအင်ချွေတာရာလည်းရ၊ ပတ်ဝန်းကျင် ထိခိုက်မှုလည်း လျော့နည်းစေမည့်ယာဉ်များ သုံးစွဲဖို့ လိုအပ်လာပြီဖြစ်သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် တရုတ်နိုင်ငံ၏ နည်းပညာဖြင့် အဆင့်မြင့်လျှပ်စစ်ကား နှစ်မျိုးကို ယခုနှစ် မတ်လပိုင်းတွင် ပထမဆုံးအဖြစ် ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံတွင် စတင်ထုတ်လုပ်နေပြီဖြစ်သည်။
ထုတ်လုပ်မှုပမာဏမှာ တစ်ရက်ကိုအစီးရေ ၄၀ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Khaing Khaing Sangda ကားစက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ မစ္စတာ့က Yu Jian Chen ကသတင်းမီဒီယာများနှင့် မတ် ၄ ရက်က အဆိုပါစက်ရုံတွင် တွေ့ဆုံစဉ် ပြောကြားသည်။
တစ်ရက်လျှင် ကားစီးရေ ၄၀ ထုတ်လုပ်ရန်
ယခုအခါ မော်တော်ယာဉ်စက်ရုံ၌ (Hybrid) လျှပ်စစ်(ဘက်ထရီ)ကား KSD-V1 အမျိုးအစားကို အစီးရေ တစ်ရာကျော် ထုတ်လုပ်ထားပြီးဖြစ်သည်။ ထိုထုတ်ပြီးကားများအတွက် ယခုနှစ် မတ်လမကုန်မီ က.ည.န လိုင်စင်နံပါတ်များ ရရှိတော့မည်ဖြစ်ကြောင်း၊ ထပ်မံ၍ တစ်ရက်လျှင် ကားအစီးရေ ၄၀ ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကားတာယာအကူအညီပေးကြောင်း ထိုမော်တော်ယာဉ် ထုတ်လုပ်သည့်ကားစက်ရုံမှ သိရသည်။
“ဒီလို လျှပ်စစ်ကားတွေကို မြန်မာနိုင်ငံအတွက် ပထမဆုံး ထုတ်လုပ်တင်သွင်းရတာဟာ တရုတ်နိုင်ငံက ဦးဆောင်ပြီး အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအတိုင်း ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့ အဓိကရည်ရွယ်ပါတယ်။ ဒီကားတွေ တင်သွင်းမှုအတွက် တရုတ်အစိုးရက အခွန် မယူပါဘူး။ မြန်မာနိုင်ငံသားတွေ ဈေးပေါပေါနဲ့ ဝယ်ယူ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ။ အရစ်ကျ စနစ်နဲ့လည်း ဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ ကားတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ပေးသွားမှာပါ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်
မြို့တွင်း၊ မြို့ပြင် ဟိုင်းဝေး တစ်နိုင်ငံလုံးကို မောင်းနှင်နိုင်အောင် အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ် ပေးထားပါတယ်။ ဘက်ထရီစွမ်းအင်ကို လျှပ်စစ်မီး ရှိတဲ့နေရာတွေမှာ အလွယ်တကူသွင်းနိုင်ပြီး ဟိုင်းဝေးရောက်ရင် လမ်းမှာ ဘက်ထရီအား ရာခိုင်နှုန်းနည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်လည်းပါပါတယ်။ အဲ့ဒီအတွက် ဟိုင်းဝေးတွေဆိုရင်လည်း ကောင်းစွာ အသုံးပြုနိုင်ပါတယ်။ အခုဆိုရင် စက်သုံးဆီဈေး မြင့်မားနေတာကိုလည်း လျှော့ချနိုင်မယ်။ မီးခိုးမထွက်တဲ့ အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ပါတယ်” ဟု မစ္စတာ Yu Jian Chen က ထပ်မံပြောကြား ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လျှပ်စစ်ကား KSD-V1နှင့် KSD- V2 နှစ်မျိုးတို့သည် တရုတ်နိုင်ငံ YUE DI နှင့် မြန်မာနိုင်ငံ Khaing Khaing Sangda ကားစက်ရုံ တို့ ပူးပေါင်းကာ ပထမဆုံး ဖက်စပ်ထုတ်လုပ်သော ကားများဖြစ်ကြောင်း သိရသည်။
တစ်နာရီ ၅၀ ကီလိုမီတာ
KSD-V1 အမျိုးအစားသည် ငါးယောက်စီးဖြစ်ပြီး တစ်နာရီလျှင် အမြန်နှုန်း ၅၀ ကီလိုမီတာဖြင့် မောင်းနှင် နိုင်သည်။ သာမန်အားရှိပါက ၅၅ ကီလိုမီတာသွားနိုင်ပြီး အားပြည့်နေလျှင် ကီလိုမီတာ ၁၀ဝ အကွာအဝေးကို တစ်ဆက်တစ်စပ်တည်း သွားနိုင်သည်ဟု သိရသည်။
လစ်သီယမ်ဘက်ထရီအမျိုးအစားကို အသုံးပြုထား ပြီး အင်ဂျင်ပါဝါ ၂၀ဝ စီစီ ရှိသည်။ KSD-V2 အမျိုးစားသည် ငါးယောက်စီးဖြစ်ပြီး အင်ဂျင်ပါဝါ ၈၀ဝ စီစီ ရှိသည်။ ပုံမှန်မြန်နှုန်း ၉၀ အထိ မောင်းနှင်နိုင်ကာ ပုံမှန်တစ်နာရီ လျှင် ၅၅ ကီလိုမီတာ မြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီ အားပြည့်ချိန်တွင် ကီလိုမီတာ ၈၀ဝ မောင်းနှင်နိုင်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိအသုံးပြုနေသော ကားများနည်းတူ အတွင်းအပြင် ဝန်ဆောင်မှုများ ပါဝင်ကြောင်း သိရသည်။ KSD- V1 အမျိုးအစားသည် မြန်မာငွေကျပ် ၉၃ သိန်းရှိပြီး ဘက်ထရီအာမခံ တစ်နှစ်ခွဲပေးကြောင်း၊ KSD- V2 အမျိုးအစားသည် မြန်မာငွေကျပ် ၁၃၉ သိန်း ကျသင့်မည်ဖြစ်ပြီး ဘက်ထရီအာမခံ ငါးနှစ်ရရှိ မည်ဖြစ်သည်။ ကားအတွက် အာမခံပေးထားသည့် ကာလအတွင်းမှာ ကား၏ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ကိစ္စအဝဝကိုလည်း စက်ရုံမှ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။
လွယ်တကူမောင်းနိုင်ပြီး အချိန်ကုန်သက်သာ
လျှပ်စစ်(ဘက်ထရီ)ကားသည် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် လေကောင်းလေသန့် ဖြစ်စေရန် စက်သုံးဆီသုံးစွဲမှု လျှော့ချစေရေး နိုင်ငံခြားမှ စက်သုံးဆီ ဝယ်ယူနေမှုကိုလည်း လျှော့ချနိုင်ရန် မီးခိုးကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချစေရန်နှင့် ရန်ကုန်မြို့၏ လမ်းသွယ် လမ်းငယ်များတွင် အလွယ်တကူ မောင်းနိုင်ပြီး အချိန်ကုန်သက်သာစေကြောင်း၊ ကား ပြုပြင်ထိန်းသိမ်းမှုစရိတ် သက်သာစေရန် လုံခြုံရေး ယာဉ်၊ လမ်းရှင်းယာဉ်များအဖြစ် အသုံးပြုနိုင်ပြီး အစိုးရဌာနဆိုင်ရာ အရာရှိငယ်များနှင့် ပုဂ္ဂလိက ကုမ္ပဏီများရှိ ဝင်ငွေအလယ်တန်း အဆင့်ရှိသူများလည်း အသုံးပြုနိုင်ကြောင်း သိရသည်။
ယင်းလျှပ်စစ်ကားများကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် အပိုင်း(၃/၄) အမှတ် ၇၉/၈၀ တွင် မြန်မာနိုင်ငံစက်ရုံအဖြစ် တည်ကာ ထုတ်လုပ်သွားမည်ဖြစ်သည်။ ထိုကား စက်ရုံကြီး တည်ဆောက်ထုတ်လုပ်သွားမည့်အပေါ် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေကာ ကားထုတ်လုပ်မှုနှင့် ပတ်သက်သည့် နည်းပညာ ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ ထို New Energy Car (Hybrid) လျှပ်စစ် (ဘက်ထရီ)ကားများ မြန်မာနိုင်ငံတွင် စတင်ထုတ်လုပ်မှုသည်လည်း ပထမဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း