ရန်ကုန် ၁၄ နိုဝင်ဘာ
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်းနှင့် ၃၄ လမ်း (အထက်)တွင် ဉယျာဉ်ဖြစ်မြောက်ရေးကော်မတီ နှင့် ရန်ကုန်ဝေါတို့ ပူးပေါင်းဖန်တီးထားသော ရုပ်ရှင်လမ်းကြားဉယျာဉ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၃၃ လမ်းနှင့် ၃၄ လမ်း (အထက်)တွင် ပုံဖော်ဖန်တီးထားသော ရုပ်ရှင်လမ်းကြားဉယျာဉ်မှာ ဝဇီရာရုပ်ရှင်ရုံနောက်ဘက်တွင် တည်ရှိပြီး ရှေးဟောင်းရုပ်ရှင်ဇာတ်ကားများ၊ ခေတ်ဟောင်းအနုပညာ ရှင်များဖြင့် ပုံဖော်ထားသည်ကို တွေ့ရသည်။
"အခုလို နောက်ဖေးလမ်းကြားဉယျာဉ် အကောင်အထည်ဖော်ခြင်းအားဖြင့် ရပ်ကွက်ထဲက နောက်ဖေးလမ်း ကြားလည်း သန့်ရှင်းမှုရှိတယ်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာလည်း ၉၅ ရာနှုန်းလောက် ကျဆင်းသွားတယ်။ ရုပ်ရှင်ဇာတ်ကားပိုစတာတွေနဲ့ ပုံဖော်ထားတဲ့အတွက် အရင်က ကားတွေကိုလည်း အခုခေတ်ကလေးတွေ သိခွင့်ရမယ်။ အရင်က ရိုက်ခဲ့ဖူးတဲ့ အဖေတစ်ခု၊ သားတစ်ခုဇာတ်ကားကိုလည်း ပြန်လည်အမှတ်ရမိစေမှာဖြစ်ပါတယ်" ဟု ကျောက်တံတားမြို့နယ် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဉီးဘုန်းကျော်မြင့်က ပြောကြားသည်။
ယခင်ခေတ်အခါက အဆိုပါလမ်းကြားတွင် အဖေတစ်ခု၊ သားတစ်ခု ရုပ်ရှင်ဇာတ်ဝင်ခန်းများ ရိုက်ကူးခဲ့ဖူးကြောင်း သိရသည်။ ရွှေဂေါင်းပြောင်၊ ရည်းစားဓားပြ၊ မောင့်သူဇာမေ၊ ယောက်ခမကြီးရေးတဲ့ဖူးစာ၊ ငယ်ကျွမ်းဆွေ အစရှိသော ရုပ်ရှင်ကားအမည်ဖြင့် ရုပ်ရှင်လမ်းကြားဉယျာဉ်တွင် ပုံဖော်ထားသည်ကိုတွေ့ရသည်။ ဖွင့်ပွဲနေ့ဖြစ်သော နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကလေးငယ်များအား ရုပ်ရှင်အနုပညာရှင်များမှ ဉာဏ်စမ်းပဟေဠိဖြေဆိုမှုများ ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


