နေပြည်တော် မေ ၄
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ပင်မအုပ်ချုပ်မှု အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို မေ ၃ ရက် နံနက်ပိုင်းက တိုက်ကြီး မြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း အဆောက်အဦ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ ယခင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန အငြိမ်းစားဝန်ထမ်းကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခန်းအနားတွင် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတကာတွင် ကက်ဒက်စတာ မြေတိုင်းတာခြင်း (Cadastral Surveying) ၊ မြေယာ အုပ်ချုပ် စီမံခြင်း (Land Administration) ၊ မြေယာသတင်းအချက်အလက်စနစ် (Land Information System) နှင့်ပတ်သက်သည့် နည်းပညာများ၊ အတတ်ပညာများ၊ နည်းစနစ်များ၊ ပစ္စည်း ကိရိယာများ အလျင်အမြန်တိုးတက်လျက် ရှိသည်နှင့်အညီ မိမိတို့နိုင်ငံတွင်လည်း တည်ဆဲဥပဒေများနှင့် ညီညွတ်စေပြီး ခေတ်မီတိုးတက်မှုရှိသော မြေစာရင်းဖွံ့ဖြိုးမှုဆိုင်ရာ သင်ကြားမှုလုပ်ငန်းများ အဆင့် မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ မြေယာအုပ်ချုပ်စီမံမှုဆိုင်ရာ သက်မွေး ပညာသင်တန်းများနှင့် နည်းပညာရပ်ဆိုင်ရာဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်ပေးနိုင်ရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ မှန်ကန်စွာထုတ်ပြန် တင်ပြနိုင်မှသာ နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒနှင့် ဆုံးဖြတ်ချက်များချမှတ်ရေး၊ စီးပွားရေး တိုးတက်နှုန်း GDP မှန်ကန်စွာတွက်ချက်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ရာ အလွန်အရေးကြီးသည့် တာဝန်တစ်ခုဖြစ်သည့်အတွက် အဆင့်အတန်းမှီ စွမ်းဆောင်ရည်မြှင့်မားသော ဝန်ထမ်းများစဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးကို ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းနှင့် တာဝန်ရှိသူ အားလုံးတို့က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း ပင်မအုပ်ချုပ်မှု အဆောက်အဦ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်ကို အမွေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကြသည်။
အခမ်းအနား ဒုတိယပိုင်းဖြစ်သော ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ပင်မ အုပ်ချုပ်မှုအဆောင် (ဌာနချုပ်ရုံး) ဖွင့်ပွဲအခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းကျောင်းအုပ်ကြီးတို့က သင်တန်းကျောင်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း နှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့နယ်၊ မြို့ချောင်းကျေးရွာအနီးရှိ ကန်ကလေးလျှပ်စစ် မြစ်ရေတင်လုပ်ငန်းခွင်သို့ရောက်ရှိကြပြီး ရန်ကုန်မြို့ရေပေးဝေရေးနှင့် စိုက်ပျိုးရေပေးဝေမှု ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ရေပေးဝေရေးအတွက် နေ့စဉ် ရေဂါလံ ၆ သန်း ပို့လွှတ်ပေးနိုင်ရေး၊ ရေသောက်ဧရိယာကို မူလ(၅၀၀)ကျော်မှ ဧက (၃၀၀၀)ခန့်အထိ စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်ရေး၊ မှော်ဘီမြို့ မြန်မာ့ဆန်စပါး သုတေသနဌာနနှင့် လှပဒါး စိုက်ကွင်းများသို့ စိုက်ပျိုးရေဖြည့်ဆည်းပြီး သီးထပ်(၂)သီး အပြည့်အဝစိုက်ပျိုးနိုင်ရေးအတွက် ရေသွင်း၊ ရေထုတ်မြောင်းများ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လှော်ကားရေလှောင်ကန်သို့ ရေကူ ဖြည့်သွင်းပေးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့ မြန်မာ့ ဆန်စပါး သုတေသနဌာန နှင့် လှပဒါးစိုက်ကွင်းများသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မျိုးထိန်း ၊ မျိုးပွားလုပ်ငန်းများ၊ တောင်သူအကျိုးရှိစေမည့် လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ရေအသုံးချမှုသုတေသန လုပ်ငန်းများဆောင်ရွက်ရန်၊ ဓာတ်မြေဩဇာများကို ဒေသအလိုက် သီးနှံအလိုက် အကျိုးအရှိဆုံး အသုံးပြုနိုင်မည့် သုတေသနလုပ်ငန်းများ၊ နည်းပညာနှင့် သွင်းစုအပြည့်အဝအသုံးပြုသည့် သီးနှံအထွက်နှုန်းနှင့် တောင်သူလက်တွေ့ စိုက်အထွက်နှုန်း နှိုင်းယှဉ်သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)