ရန်ကုန် ၆ ဧပြီ 

 

ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးသစ်ကို မဟာသင်္ကြန်ရက်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း ယင်းဈေး တာဝန်ခံ ဦးအောင်လင်းဦးက ပြောကြားသည်။ 

 

သီရိမင်္ဂလာဈေးသစ်တွင် ဆိုင်ခန်းပေါင်း ၂၉၀၅ ခန်းရှိပြီး ဟင်းသီးဟင်းရွက်များ၊ ပန်းမန်များ၊ ကုန်စိမ်း၊ သားငါးနှင့် ငါး‌ပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များ၊ ကုန်ခြောက် အမျိုးမျိုးကို ၂၄ နာရီ ရောင်းချလျက်ရှိသည်။ 

 

“ဈေးကို သင်္ကြန်မှာ မပိတ်ပါဘူး။ ပုံမှန်ဖွင့်ပါမယ်။ ဒီဈေးက ၂၄ နာရီရောင်းပါတယ်။ ကုန်စိမ်းဆို ညဘက် အရောင်းအဝယ်လုပ်တာ များတယ်။ နေ့ပိုင်းမှာ ကုန်ခြောက်နဲ့ သစ်သီးအရောင်းအဝယ်လုပ်တာ များပါတယ်” ဟု ဈေးတာဝန်ခံက ပြောသည်။

 

သီရိမင်္ဂလာ လက္ကားဈေးသစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကုန်စည်များအပြင် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ သစ်ခွပန်းနှင့် ပန်းအတုများကိုလည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ 

 

ကိုသန့်ဇင်ဝင်း