ရန်ကုန် ၁၆ ဇူလိုင် 

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ဝါဆိုလပြည့်နေ့ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ယနေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

 

1

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့ နံနက် (၅)နာရီမှ စတင်၍ စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်။

 

2

 

ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စေတီတော် ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ မြတ်စွာဘုရားအား ရည်မှန်း၍ စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆက်ကပ်လှူဒါန်းကြပြီး ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ကျင်းပသည်။

 

3

 

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းများက ရွှေကြာသင်္ကန်းများကို ကိုင်ဆောင်ကာ ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး စေတီတော်ရင်ပြင် တန်ဆောင်းအသီးသီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဝါဆိုရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ရေစက်ချအခမ်းအနားကိုကျင်းပရာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ကိုးပါးသီလခံ ယူဆောက်တည်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဦးမိုးချစ်က အဖွင့်မင်္ဂလာစကား လျှောက်ထားသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့နှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် စေတီတော်ရောင်တော်ဖွင့်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် သြဝါဒါ စရိယ ဆရာတော်ကြီးများထံမှ ပရိသတ်များက ဝါတွင်းသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ရွှေတိဂုံစေတီတော်၌ ဝါတွင်းသုံးလ ဥပုသ်နေ့နံနက်တိုင်း ရင်ပြင်တော်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ စေတီတော်သြဝါဒါစရိယ ဆရာတော်များက ဝါတွင်းသီလပေးတရားတော်များ ချီးမြှင့်ကြမည်ဖြစ်ရာ ပြည်သူများ လာရောက်ကြည်ညို၍ သီလခံယူဆောက်တည်နိုင်ကြောင်း သိရသည်။

မဟာဝိဇယစေတီတော် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် ဘာသာရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး အနယ်နယ်အရပ်ရပ်ရှိ ဘုရားဖူးလာပြည်သူများ လာရောက်ကြည်ညို၍ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းကြသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီဂေါပကအဖွဲ့ကကြီးမှူး၍ ၁၃၈၁ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အခမ်းအနားကို နံနက်ပိုင်းမှစတင်ကျင်းပရာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ၌ ဝါတွင်းသုံးလဥပုသ်နေ့ နံနက်တိုင်း ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ စေတီတော်သြဝါဒါစရိယ ဆရာတော်ကြီးနှင့် သံဃာတော်များက ဝါတွင်းသီလပေး တရားတော်များ ချီးမြှင့်သွားမည်ဖြစ်ရာ ဥပုသ်သီတင်းသီလ ဆောက်တည်လိုသူများ၊ ဘုရားဖူးလာပြည်သူများ လာရောက်ကြည်ညို သီလခံယူဆောက်တည်နိုင်ကြောင်း သိရသည်။

သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈၁ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို နံနက်ပိုင်းတွင် ကျင်းပပြီး နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးများအပါအဝင် သြဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော ဆရာတော် အရှင်သူမြတ်များအား ဂေါပက အဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် မွန်းလွဲ(၁)နာရီတွင် စေတီတော်ရှိ အာရုံခံတန်ဆောင်းအပေါ်ထပ်၌ ဝတ်အသင်း ၂၁ သင်းမှ အသင်းသူအသင်းသားများက ဓမ္မစကြာတရားတော် ဝတ်ရွတ်စဉ်များဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။

ယင်းနောက် ဂေါပကအဖွဲ့၊ ဝတ်အသင်းသူ အသင်းသားများနှင့် အလှူရှင်များက စေတီတော်မြတ်ကြီးအား ကပ်လှူမည့် ဝါဆိုသင်္ကန်းတော်များ ကိုင်ဆောင်၍ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ပြီး ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူ၌ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်ကြီး၏ ၁၃၈၁ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို နံနက်ပိုင်းတွင် ကျင်းပရာ အလှည့်ကျဂေါပက ဦးအုန်းကြိုင်က ဓမ္မစကြာအခါတော်နေ့ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။

မွန်းလွဲ ၁ နာရီခွဲတွင် စေတီတော်ရှိ အောင်ဓမ္မာရုံ၌ သဒ္ဓမ္မရောင်ခြည် ကျောင်းတိုက် ဆရာတော် ဦးဣန္ဒာစက္ကက နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဟောကြားတော်မူသည်။

ဝရဒါဌာဓာတုစေတိ်ယစွယ်တော်မြတ် စေတီတော်(ရန်ကုန်)၏ (၂၂)ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (၁၃)ကြိမ်မြောက် ဝါဆိုရွှေကြာ သင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ဂေါပကအဖွဲ့ကကြီးမှူး၍ သာသနာ့ဝေယျာဝစ္စ အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ဝါဆိုရွှေကြာသင်္ကန်းများကို ဂေါပကအဖွဲ့၊ ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များက ကိုင်ဆောင်ပြီး စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

ထို့နောက် စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ကန်ဦးဇေတဝန်စာသင်တိုက် ပဓာန နာယက ဆရာတော်အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာမီဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ပရိသတ်က ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

လောကချမ်းသာ အဘယလာဘမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၏ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ဆရာတော် ဦးသုနန္ဒထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာ တရားတော်များကို ရွတ်ဖတ်ပူဇော်ကြခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခြင်းများ ဆောင်ရွက်ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့ချုပ်၏ (၄၂)ကြိမ်မြောက် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အဆိုပါ အဖွဲ့ချုပ်၌ ကျင်းပရာ နံနက် ၉ နာရီတွင် ဗုဒ္ဓရုပ်ပွားတော်နှင့် ပဉ္စဝဂ္ဂီငါးပါးတို့အား အမှုဆောင်များနှင့် အလှူရှင်များက ရွှေကြာသင်္ကန်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး နံနက် ၁၁ နာရီတွင် မာဂဓီ-သာစည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနေမိန္ဒထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယနေ့သည် ဝါဆိုလပြည့် ဗုဒ္ဓနေ့ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများ၊ ကျောင်းကန်များ၌ ဥပုသ်သီတင်း သီလဆောက်တည်ကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းမှုပြုကြသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်ကို တွေ့ရသည်။

သတင်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်