ရန်ကုန် ၃၁ အောက်တိုဘာ
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းတွင် တည်ရှိသည့် မြန်မာအမျိုးသားလေကြောင်းရုံးချုပ် (ယခင်ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင်း လီမိတက်ရုံးချုပ်) တွင် မြို့ပြအမွေအနှစ် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၏ ၃၄ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကိုတပ်ဆင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း တက်ရောက်၍ အပြာရောင်ကမ္ဗည်းပြားကို ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်မြို့၏ ၃၄ ခုမြောက် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ဖွင့်လှစ်ခြင်းအခမ်းအနားကို အဆိုပါအဆောက် အအုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်ရခြင်းအကြောင်းကို ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ သုတေသနနှင့်အသိပညာမျှဝေဖလှယ်ရေး စီမံချက်အရာရှိ ဉီးသူရိန်အောင်က ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက အမှတ်တရစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာအမျိုးသားလေကြောင်း၏ အမှုဆောင်အရာရှိချုပ် ဉီး သန်းထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက အပြာရောင်ကမ္ဗည်းပြားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။
ရန်ကုန်မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ အခု ဆိုရင် ရန်ကုန်မြို့ဟာ အဖက်ဖက်ကနေ ဖွံ့ဖြိုး တိုးတက်လာနိုင်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကို ဖိတ်ခေါ်ပြီး ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့ပြရဲ့ လူဉီးရေကလည်း တိုးတက်လာတာနဲ့ အမျှ မြို့ပြကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေနိုင်ဖို့အတွက် ရန်ကုန်မြို့ဟောင်းနဲ့မြို့သစ်ကို စနစ်တကျ ဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့မြို့အတွက် ချမှတ်ထားတဲ့ ရည်မှန်း ချက်တွေဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်တွေထဲက နံပါတ် ၁ ဖြစ်တဲ့ မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းစောင့် ရှောက်မယ့် အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်နိုင်တဲ့အတွက် ကျွန်တော်အနေနဲ့ အလွန်ဝမ်းသာဂုဏ်ယူမိပါ တယ်” ဟု ပြောကြားခဲ့သည်။
မြန်မာအမျိုးသားလေကြောင်း၏ ရုံးချုပ်အဆောက်အအုံမှာ ယခင်ကိုလိုနီခေတ်က မြန်မာနိုင်ငံမှ ကျွန်းသစ် များ အများဆုံးတင်ပို့ခဲ့သည့် ဘုံဘေဘားမား ကုန်သွယ်ရေးကော်ပိုရေးရှင်းလီမိတက်က ရုံးချုပ်အဖြစ် အသုံး ပြုခဲ့သည်။ ဘုံဘေဘားမားကော်ပိုရေးရှင်းသည် မြန်မာ့ကိုလိုနီခေတ်သမိုင်းတွင် အရေးပါသောနေရာမှ ပါဝင်ခဲ့ ပြီး မြန်မာနိုင်ငံအား ဗြိတိသျှတို့ကျူးကျော်၍ ကိုလိုနီပြုခြင်းတွင် အဓိကကျခဲ့သည်။
ကော်ပိုရေးရှင်းကို မူလက မြန်မာနိုင်ငံမှ ဘုံဘေသို့လက်ဖက်တင်ပို့ရန် Wallace Bros & Co အဖြစ်စတင်ခဲ့ပြီး ၁၈၆၃ ခုနှစ်တွင် ဘုံဘေဘားမား ကုန်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ကော်ပိုရေးရှင်းသည် အထက်မြန်မာနိုင်ငံတွင် သစ်ထုတ်ယူခွင့်ကို မင်းတုန်းမင်းထံမှ ရရှိခဲ့သော်လည်း သီပေါမင်းလက်ထက်တွင် သစ်ကိစ္စအငြင်းပွားရာမှ တတိယအင်္ဂလိပ်မြန်မာ ကျူးကျော်စစ်ဖြစ်ပွားခဲ့ကာ ကုန်းဘောင်မင်းဆက်အဆုံး သတ်ခဲ့ရသည်။
ဘုံဘေဘားမားကော်ပိုရေးရှင်း၏ မူလအဆောက်အအုံနေရာတွင် လက်ရှိအဆောက်အအုံဖြင့် ၁၉၁၅ ခုနှစ်တွင် အစားထိုးတည်ဆောက်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဘုံဘေဘားမားကုန်သွယ်ရေး ကော်ပိုရေးရှင်းကို ပြည်သူပိုင်ပြုခဲ့ကာ အဆောက်အအုံကို ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ ဆောင်ရေးအဖွဲ့က ဝယ်ယူအသုံးပြုခဲ့သည်။ လေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ဖွဲ့စည်းကာ ၁၉၇၂ ခုနှစ်တွင် မြန်မာ့လေကြောင်းအဖြစ် အမည်ပြောင်းလဲကာ နိုင်ငံတကာခရီးစဉ်များကို ၁၉၅၀ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ပြေးဆွဲခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်းအဖြစ် အမည်ပြောင်းကာ ပြည်တွင်းခရီးစဉ်များကို အဆင့်မြှင့်ပြေးဆွဲခဲ့ပြီး နိုင်ငံတကာခရီးစဉ်များကို ၂၀၁၅ ခုနှစ်တွင် ပြန်လည်ပြေးဆွဲခဲ့သည်။
အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်ခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အားပေးကူညီမှု၊ အလှူရှင်များ၏ ငွေကြေးထည့်ဝင်မှုတို့ဖြင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယနေ့တပ်ဆင်ခဲ့သော ရန်ကုန်မြို့၏ ၃၄ ခုမြောက် အပြာရောင် ကမ္ဗည်းပြားအတွက် သုတေသနနှင့်ထုတ်လုပ်မှုကုန်ကျစရိတ်များကို မြန်မာအမျိုးသားလေ ကြောင်းက ကျခံထည့်ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း