ဖူးပြည့်

ရန်ကုန် မြို့တော်ကြီးကို သာယာလှပပြီး ခေတ်မီ ဆန်းသစ်တဲ့ မြို့ကြီးတစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲဖို့ဆိုရင် စီးပွားရေးအင်အား ခိုင်မာတောင့်တင်းဖို့ လိုအပ်ပါတယ်။ မြို့ ကြီးတစ်မြို့ စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် အဲဒီမြို့မှာနေထိုင်တဲ့ မြို့သူမြို့သားတွေအတွက် စီးပွားရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းတွေရှိနေဖို့ လိုပါတယ်။ တစ်နေ့တခြား ခေတ်မီနည်းပညာတွေ တိုးတက်လာနေတဲ့ ကမ္ဘာကြီးမှာ နေထိုင်ရပ်တည်ဖို့ဆိုရင် လူတိုင်းလူတိုင်းဟာ စီးပွားရေးဆိုင်ရာ နည်းပညာတွေကိုလည်း တတ်မြောက်ထားဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ရန်ကုန်သူရန်ကုန်သားတို့အဖို့ ကမ္ဘာတစ်ဝန်း ကျင့်သုံးနေသော စီးပွားရေး ဈေးကွက်တစ်ခုဖြစ်တဲ့ စတော့ဈေးကွက် အကြောင်းကို ရေးသားတင်ဆက်ရန် အကြောင်းဖန်လာပါတယ်။ ထို့ကြောင့်ပင် ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ထားသော ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူဖြစ်သည့် အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးနှင့် သွားရောက် မေးမြန်းထားသည်ကို တင်ပြလိုက်ရပါသည်။

 

mdn

ရန်ကုန်စတော့အိတ်ချိန်းတည်ထောင်ခဲ့ပုံ

“နိုင်ငံစီးပွားရေးစနစ်ကို အဓိကအထောက် အကူဖြစ်စေတဲ့ ကာလရှည်ငွေကြေးအရင်းအနှီး တွေကို စတော့ဈေးကွက်မှတစ်ဆင့် အထိရောက် ဆုံးစုစည်းနိုင်စေရေး၊ အများပြည်သူတို့အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များ ရရှိစေရေးအတွက် နိုင်ငံတော်အစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (မြန်မာ့စီးပွားရေးဘဏ်) က ၅၁ ရာခိုင်နှုန်းထည့်ဝင်ပြီး ဂျပန်နိုင်ငံဒိုင်ဝါ သုတေသနအဖွဲ့နဲ့ JPX  အုပ်စုတို့မှ ၄၉ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားတဲ့ ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ စတင် တည်ထောင်ခဲ့ပါတယ်။

စာရင်းဝင်ကုမ္ပဏီများ ပါဝင်ရောင်းဝယ်

ရန်ကုန်စတော့အိတ်ချိန်းဟာ အရည်အချင်း ပြည့်မီတဲ့ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေကို စတော့အိတ်ချိန်းမှာ စာရင်းတင်သွင်းပြီး ပါဝင် ရောင်းဝယ်ဖို့ ဖိတ်ခေါ်ခဲ့ရာမှာ ၂၅-၃-၂၀၁၆ ရက်နေ့ မှာ FMI ကုမ္ပဏီ၊ ၂၀-၅-၂၀၁၆ ရက်နေ့မှာ မြန်မာသီလဝါ အထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီ၊ ၂၆- ၈-၂၀၁၆ ရက်နေ့မှာ မြန်မာနိုင်ငံသားများဘဏ်၊ ၂၀-၁-၂၀၁၇ ရက်နေ့မှာ ပထမပုဂ္ဂလိက ဘဏ်နဲ့ ၂၆-၁-၂၀၁၈ ရက်နေ့မှာ TMH Tele- com အများပိုင်ကုမ္ပဏီများအဖြစ် ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆိုပါကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ရောင်းဝယ်ဖောက်ကားလျက် ရှိပါတယ်။

ရှယ်ယာရောင်းဝယ်လိုပါက

စတော့ရောင်းဝယ်လိုကြတဲ့ ရင်းနှီးမြှုပ်နှံ သူများအနေနဲ့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ ရောင်းဝယ်ရေးအဖွဲ့ဝင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများဖြစ်ကြတဲ့ MSEA, KBZ, SC, AYA Trust, CB Securities, KTZ RH, UAB Securities  ဆိုတဲ့ ကုမ္ပဏီများထဲမှ မိမိနှစ်သက်ရာ တစ်ခုခုကို ရွေးချယ်ပြီး ဖောက်သည် စာရင်းဖွင့်လှစ်ကာ အရောင်းအဝယ် ပြုလုပ်နိုင်ကြပါတယ်။ မိမိကိုယ်တိုင် ဒီကုမ္ပဏီတွေကို သွားရောက်ပြီး အရောင်း/အဝယ် အော်ဒါပေးနိုင်သလို အွန်လိုင်းကတစ်ဆင့် ရောင်းဝယ်နိုင်အောင်လည်း စီစဉ်ထားပါတယ်။ အဲဒီငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီကတစ်ဆင့် မိမိစိတ်ဝင်စားတဲ့ ကုမ္ပဏီအတွက် ဝယ်လိုတဲ့ရှယ်ယာ အရေအတွက်၊ ဈေးနှုန်း၊ အော်ဒါအမျိုးအစားတွေကို တင်ရမှာဖြစ်ပါတယ်။ တင်လိုက်တဲ့ အော်ဒါတွေဟာ အင်တာနက်လိုင်းကတစ်ဆင့် စတော့အိတ်ချိန်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ စတော့အိတ်ချိန်းဟာ ရောက်ရှိလာတဲ့ အရောင်း အဝယ်အော်ဒါတွေကို တန်းစီဇယားထဲမှာ ထည့်ထားပြီး တစ်နေ့ကို လေးကြိမ်အရောင်းအဝယ် ပြုလုပ်ပေးပါတယ်။ စတော့တစ်ခုချင်းစီရဲ့ ဝယ်လို အား/ရောင်းလိုအား အပေါ် မူတည်ပြီး အကောင်း ဆုံးဈေးနှုန်းရရှိစေဖို့ စတော့အိတ်ချိန်းက ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

လက်ရှိအရောင်းအဝယ်အခြေအနေ

ရန်ကုန်စတော့အိတ်ချိန်းရဲ့ သုံးနှစ်သက်တမ်း အတွင်းမှာ စာရင်းဝင်ကုမ္ပဏီ ငါးခုရဲ့ ရှယ်ယာတွေ ကို ရောင်းဝယ်ပေးခဲ့ရာမှာ ရှယ်ယာအရေအတွက် စုစုပေါင်း ၁၀ ဒသမ ၃၂ သန်း အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး ငွေတန်ဖိုးအားဖြင့် ၁၁၇ ဒသမ ၇၈ ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရ ပါတယ်။

စတော့အိတ်ချိန်းကို စာရင်းဝင်ကုမ္ပဏီအသစ်တွေ ရောက်ရှိလာဖို့

န်ကုန်စတော့အိတ်ချိန်းအနေနဲ့ စာရင်းဝင်စံ (၁၇) ချက်နဲ့ ပြည့်စုံတဲ့ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတိုင်းကို စတော့အိတ်ချိန်းမှာ စာရင်းဝင်ပြီး ရောင်းဝယ်ကြဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ ရန်ကုန် စတော့အိတ်ချိန်းရဲ့ Listing and Trading Participant  ဌာနအနေနဲ့ စာရင်းဝင်ရောက်လိုတဲ့ ကုမ္ပဏီများအတွက် လိုအပ်တဲ့အကူအညီများ ပေးနေသလို မကြာခင်ကမှ ဖွဲ့စည်းလိုက်တဲ့ အထူး အဖွဲ့ကလည်း စတော့အိတ်ချိန်းကို စာရင်းဝင်လိုတဲ့ ကုမ္ပဏီတွေ၊ အများပြည်သူကို ရှယ်ယာတွေ ကမ်းလှမ်းရောင်းချလိုတဲ့ ကုမ္ပဏီတွေအတွက် လိုအပ်တဲ့နည်းပညာတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာ စတော့အိတ်ချိန်းကို စာရင်းဝင်ဖို့

စတော့အိတ်ချိန်းကို ကုမ္ပဏီတွေ စာရင်းဝင် ဖို့ဆိုတာ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ၊ ဥပဒေပညာရှင်အဖွဲ့၊ စာရင်းကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူဆောင်ရွက်ရပါတယ်။ ပြီးတော့မှ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ တစ်ခုခုကနေ ကမကထ လုပ်ပြီး စတော့အိတ်ချိန်း ကို တင်ရတာဖြစ်ပါတယ်။ ကြားရသလောက် ကုမ္ပဏီနှစ်ခု၊ သုံးခုလောက်ပြင်ဆင်နေတာ ရှိပါ တယ်။ အခုချိန်ထိတော့ စာရင်းဝင်လျှောက်လွှာ လက်ခံထားတာ မရှိသေးပါဘူး။ လျှောက်လွှာ လက်ခံရရှိပြီဆိုရင် မီဒီယာကတစ်ဆင့် ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။

ရှေ့လုပ်ငန်းစဉ်များအရည်အချင်းပြည့်မီတဲ့ အများနဲ့သက်ဆိုင် သော ကုမ္ပဏီကြီးတွေ ပေါ်ပေါက်ရေး၊ အဲဒီ ကုမ္ပဏီကြီးတွေ စတော့အိတ်ချိန်းမှာ စာရင်း တင်သွင်းပြီး ရောင်းဝယ်မှုပြုနိုင်ရေး၊ ရင်းနှီးမြှုပ်နှံ သူအရေအတွက် တိုးတက်များပြားလာစေရေး၊ ရင်းနှီးမြှုပ်နှံသူများရဲ့ အကျိုးစီးပွားကို အကာ အကွယ်ပြုနိုင်ရေး၊ ပြည်သူလူထုအနေနဲ့ စတော့ ရှယ်ယာဈေးကွက်ဆိုင်ရာ အသိပညာများမြင့်မား လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် စတော့ဈေးကွက်ဆိုင်ရာ အခြေခံသင်တန်းတွေ ပုံမှန်ဖွင့်လှစ်နေသလို လူငယ်များအတွက် လေ့လာရေးအစီအစဉ် တွေကိုလည်း ဆောင်ရွက်ထားပါတယ်။ ထို့အတူ ရန်ကုန်နဲ့ နယ်မြို့တွေမှာလည်း ဈေးကွက်အသိ ပညာပေးဟောပြောပွဲတွေ လုပ်ပေးနေပါတယ်” ဟုပြောကြားသည်။

ဓာတ်ပုံ - ထိန်လင်း