ရန်ကုန်မြို့ကြီးကို လာမယ့် ဆယ်နှစ်ကျော်၍ မျှော်ကြည့်ခြင်း

တင်ဝင်းတင် ၊ ဓာတ်ပုံ- ကိုကြီးတင်

ဒီကနေ့ ရန်ကုန်မြို့ကြီးမှာ ခရီးသွားပြည်သူတစ်ယောက်အနေနဲ့ ဘာမျှမလုပ်ဆောင်ရဘဲ ငုတ်တုတ်ထိုင်လျက် တစ်နေ့ကို တစ်နာရီကနေ သုံးနာရီအထိ ကားတွေပေါ်မှာပဲ နေ့စဉ်အချိန်တွေ အလဟဿ ကုန်ဆုံးနေပါတယ်။ လုပ်အားတွေ၊ ဝင်ငွေတွေ ဆုံးရှုံးနေရပါတယ်။

ဒီအတိုင်းသာ မပြောင်းမလဲ ဆက်သွားနေမယ်ဆို နောင်ဆယ်စုနှစ် တစ်နှစ်အတွင်း ရန်ကုန်မြို့ရဲ့ ခရီးသွားလာမှုဟာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာဆိုတဲ့ ယာဉ်ကြောအကျပ်အတည်းထဲမှာ အဘက်ဘက်က ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။

ဒါတောင် အခြေခံလူတန်းစားခရီးသွား ပြည်သူတွေအနေနဲ့ အရင်က မြို့ပြသယ်ယူ ပို့ဆောင်ရေးရဲ့ ဒုက္ခပင်လယ်ထဲက ဒီကနေ့ YBS ဆိုတဲ့ သယ်ယူပို့ဆောင်ရေးကြောင့် အသက်ရှူ အနည်းငယ်ချောင်လာတာတော့ အမှန်ပါပဲ။

ဒါပေမယ့် တစ်ခါတစ်ခါ YBS ယာဉ်မောင်း အချို့ရဲ့ လေသံ၊ မောင်းနှင်မှုနဲ့ မှတ်တိုင်မှာ ထောက်နားကြတဲ့ နောက်ကြောင်းပြန် အကျင့်ဟောင်းလေးတွေက ခရီးသွားပြည်သူတွေကို သွေးတိုးစမ်းစမ်းလာတာတွေ့ မြင်နေရပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒမဲပေးမှုတွေ မြောက်မြားစွာရပြီးတက်လာတဲ့ အစိုးရအနေနဲ့လည်း နိုင်ငံတော်ကြီးကို ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အဘက်ဘက်က ဆောင်ရွက်နေတာ ကလည်းမျက်မြင်ပါ။

ခေတ်မီမြို့တော်ဖြစ်ဖို့ ဆောင်ရွက်နေ

အရင်က နိုင်ငံတော်ရဲ့မြို့တော်။ အခု နိုင်ငံတော်ရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မြို့ရန်ကုန်ကိုလည်း လိုအပ်တဲ့ ဖြည့်ဆည်းမှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ခေတ်မီမြို့တော်ကြီးဖြစ်ဖို့ ဆောင်ရွက်နေတာကလည်း အမှန်ပါ။

ဘာလို့လဲဆိုတော့ ရန်ကုန်မြို့ဟာ ပြည်ထောင်စုထဲက အဓိကကျတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပြီး ပြည်ထောင်စု တစ်ဝန်းလုံးမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စုစည်းနေထိုင်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်လို့ပါပဲ။ နိုင်ငံတော်ရဲ့ မျက်နှာစာတစ်ခုဆိုလည်း မမှားပါဘူး။ အမြင်ကျယ်ကျယ်နဲ့ ကြည့်မယ်ဆိုရင် ရန်ကုန်မြို့တစ်ခုတည်းသာ တိုးတက်ခြင်း၊ ပြောင်းလဲခြင်းမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ပုံရိပ်ကောင်းတစ်ခုအဖြစ် မြင်ကြဖို့လိုပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့ ကြီး ပြုပြင်ပြောင်းလဲဖို့၊ တိုးတက်ဖို့ဆိုတဲ့နေရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျူးကိစ္စတွေ၊ ယာဉ်ကြောကျပ်တည်းမှုတွေ၊ ရှေ့တန်းက ပါဝင်နေပါတယ်။ မြို့ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကား၊ ရထား၊ သင်္ဘောဆိုတဲ့ ပို့ဆောင်ပြေးဆွဲမှု သုံးရပ်နဲ့ ဆောင်ရွက်နေပါတယ်။

ယာဉ်ကြောကျပ်တည်းမှုမဖြေရှင်းနိုင်

YBS ဆို ပြည်သူအများက အမှတ်တွေပေးထားကြပြီး ကောင်းသတင်းတွေနဲ့ အောင်မြင်မှုရရှိနေပါပြီ။ သို့သော် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းတဲ့ကိစ္စမှာတော့ အောင်မှတ်မရသေးပါဘူး။

ဒါကြောင့် ခရီးသွားပြည်သူတွေ အဆင်ပြေပြေ အချိန်တိုအတွင်း လိုရာခရီး ရောက်နိုင်ဖို့ မီးရထားကဏ္ဍကနေ ထိုးဖောက်ဖြေရှင်းဖို့ ရန်ကုန် တိုင်းဒေသကြီးအစိုးရက ကြိုးပမ်းနေပါပြီ။

မြို့ပတ်ရထားလမ်းပိုင်း

မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်တင်မှုကို ဂျပန်နိုင်ငံက ချေးငွေဖြင့် ဆောင်ရွက်နေပါပြီ။ ဂျပန်နိုင်ငံက ချေးငွေအပြင် နိုင်ငံတော်က စိုက် ထုတ်ပြီး စုစုပေါင်း ဒေါ်လာ သန်း ၃၀ဝ အကုန် အကျခံ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မျက်မြင်အားဖြင့် ရထားသံလမ်းတွေ၊ သံလမ်းအောက်က ကျောက်နဲ့ဇလီဖားတုံးတွေ ပြောင်းလဲမှုအပြင် ရထားလမ်းစတင်တည်ဆောက်ခဲ့တဲ့ အချိန်ကစပြီး မရှိခဲ့ဖူးတဲ့ ရထားလမ်းဘေးတစ်လျှောက် ရေနုတ်မြောင်းတွေပါ ထည့်သွင်းပြုပြင်လာတာ တွေ့နေရပါပြီ။

 

mdn

 

အဆင့်မြှင့်တင်ပြီးတဲ့နောက် လက်ရှိ မြို့တစ်ပတ် ပြေးဆွဲမှုအချိန် ၂ နာရီ မိနစ် ၅၀ ကနေ တစ်နာရီတိတိ လျှော့ချပြီး ရထားတစ်စင်းနဲ့ တစ်စင်း ကွာခြားချိန်က ၁၅ မိနစ်မှ ၄၅ မိနစ်အထိ၊ တစ်စင်းနဲ့တစ်စင်း အများဆုံးကွာခြားချိန်က ၁၂ မိနစ်မျှသာ ရှိတော့မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ရထားဘက်လမ်းကြောင်းကနေ ဖြေရှင်းသွားမယ်လို့ ဆိုကြပါတယ်

ရထားစီးခရီးသည်တိုးလာနိုင်

လက်ရှိ မြို့ပတ်ရထားစီး ခရီးသည်ဟာ တစ်နေ့ ခုနစ်သောင်းခန့် ရှိနေပြီး ရထားလမ်းတွေ အဆင့်မြှင့်တင်ပြီးတဲ့အခါ ရထားစီးခရီးသည်ဟာ နေ့စဉ် နှစ်သိန်းလေးသောင်းလောက်အထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အကယ်၍သာ မြို့ပတ်ရထားလမ်းတစ်လျှောက် ဘူတာရုံတွေရဲ့ ပုံရိပ်တွေက သန့်သန့်ရှင်းရှင်း ဖြစ်လာမယ်။ ရထားမှာလည်း လေအေးပေးစက်တွေ တပ်ဆင်လာနိုင်မယ်။ မြို့ပတ်လမ်းတစ်လျှောက် မြင်ကွင်းတွေက စက္ခု ပသာဒ ရှိလာမယ်။ ဘူတာက တစ်ဆင့် YBS  ပေါ် အနီးဆုံး တက်လှမ်းလာနိုင်တယ်ဆိုရင် ရထားစီးခရီးသည်တွေက မြန်မာ့မီးရထားအပေါ် ပိုမိုအားကိုးလာကြပြီး ခန့်မှန်းခရီးသည်ထက်ပင် ပိုမိုလာမယ်လို့လည်း ယုံကြည်မိပါတယ်။

မိုးပျံရထားလမ်းကြောင်း

မိုးပျံရထားလမ်းပိုင်းအနေနဲ့ မြန်မာ့မီးရထားက တာဝန်ရှိသူတွေ၊ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အစဉ်အမြဲလိုလို ပါဝင်ကူညီပေးလေ့ရှိတဲ့ JICA အဖွဲ့ဝင်တွေရယ် ဧပြီ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံရတဲ့အကြောင်းရင်းက ရန်ကုန်မြို့ ပြလူထုရထားပို့ဆောင်ရေး (Yangon Urban Mass Rapid Transit) Y.U. M. R.T  စီမံကိန်းကို လာရောက်ရှင်းပြတာလို့ သိရပါတယ်။

 

mdn

 

သူတို့ရှင်းပြမှုက ရန်ကုန်မှာ မိုးပျံရထားတွေ ပြေးဆွဲမယ်၊ မြို့ ကြီးရဲ့အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးပြင်လေးရပ်ဆီသို့ပါ။ အရှေ့ဘက်ဆို သင်္ဃန်းကျွန်းမြို့နယ်၊ တိုးကြောင်လေး၊ အနောက် ဘက်ဆို လှိုင်သာယာမြို့နယ် ဒီနှစ်ခုကို ဆက်သွားမယ်။ တောင်ဘက်ဆို ဒလမြို့နယ်၊ မြောက်ဘက်ဆို တိုက်ကြီးမြို့နယ်အထိလို့ ဆိုပါတယ်။ အဲဒီ လမ်းကြောင်းတွေထဲကပဲ မင်္ဂလာဒုံမြို့နယ်အထိ လမ်းခွဲ၊ နောက် လောလောဆယ် ဦးစားပေး လှိုင်သာယာမြို့နယ်မှ ပါရမီ Phase 1  အထိ ဆက်သွယ်သွားမယ်လို့လည်း သိရပြန်ပါတယ်။

လမ်းပိုင်းအရှည်အနေနဲ့ဆို အရှေ့နဲ့အနောက် က ၂၅ ဒသမ ၂ ကီလိုမီတာရှည်မှာဖြစ်ပြီး အဲဒီ အတွင်းမှာ ဘူတာရုံပေါင်း ၂၄ ခု၊ တောင်နဲ့ မြောက်က ၂၇ ဒသမ ၄ ကီလိုမီတာရှည်လျားမှာ ဖြစ်ပြီး ဘူတာရုံက ၂၂ ခု ရှိမယ်လို့ သိရပါတယ်။

JICA အနေနဲ့ မြေပြင်ဆင်းစမ်းသပ်မှု (Survey) ၁၀ ခုကျော် ဆင်းခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

သက်ဆိုင်ရာ ပံ့ပိုးမှု အဓိကပါဝင်

ဒီမိုးပျံမီးရထားစီမံကိန်းနဲ့ ပတ်သက်လို့ အစီရင်ခံစာကို ၂၀၁၈ ခုနှစ် မေလက စတင် ဆောင်ရွက်လာခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ လမှာ အပြီးရေးဆွဲတင်မယ်လို့လည်း ဆိုပြန်ပါတယ်။ ဒီစီမံကိန်းကြီး အောင်မြင်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်နဲ့ သက်ဆိုင်ရာဌာနအသီးသီးက ပံ့ပိုးကူညီမှုကလည်း အဓိက ပါဝင်မှာဖြစ်ပါတယ်။

မြေပြင်လုပ်ငန်းများ စတင်မှုကို ၂၀၂၁ ခုနှစ် သို့မဟုတ် ၂၀၂၂ ခုနှစ်လောက်မှာ စနိုင်မယ်လို့ သိရပါတယ်။ ဒီစီမံကိန်းကြီးကို ပြည်ထောင်စုအဆင့်မှ အောက်ခြေအဆင့်ဆင့် ဦးဆောင်ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ၂၀၂၇/ ၂၀၂၈ ခုနှစ်လောက်မှာ အကောင်အထည်ဖော်ပြေးဆွဲမှုတွေ ပြုလုပ်နိုင်မယ်လို့လည်း ရည်မှန်းသတ်မှတ်ကြပါတယ်။

အကယ်၍ ဒီမိုးပျံရထားစီမံကိန်းကြီးသာ သတ်မှတ်ကာလအတွင်း ပြီးစီးမယ်ဆိုပါက တစ်နေ့ကို ခရီးသည် ၃၁၅၀ဝ မျှကို ပို့ဆောင်နိုင်ပြီး တစ်ဆင့်တိုး၍ ၂၀၃၅ ခုနှစ်မှာ ခရီးသည် ၄၆၀ဝဝ ကျော်၊ ၂၀၅၀ ပြည့်နှစ်မှာ ခရီးသည် ၅၀ဝဝဝ ကျော် အထိ စီးနင်းမှုတွေရှိလာမယ်လို့ တွက်ပြထားကြပါတယ်။

 

mdn

 

ခရီးသွားပြည်သူအဆင်ပြေ

ဒါ့အပြင် အစီးရေများပြားလာတာနဲ့အမျှ ရထားတွေထွက်ရှိနိုင်မှုက အချိန်တွေစိပ်လာပြီး လေးမိနစ်၊ သုံးမိနစ်ခြား တစ်စင်းနှုန်း ပြေးဆွဲမှုတွေ ဖြစ်လာနိုင်မယ်လို့လည်း ဆိုကြပါတယ်။ တကယ်တမ်းဖြစ်လာနိုင်မှုက လက်တွေ့လုပ်ငန်းတွေနဲ့ ကြိုးစားမှုတွေက သက်သေပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဆင့်ပြောင်းစီး ခရီးသည်တွေ အတွက်က ဘူတာအနီးမှာ YBS တွေ၊ စီးတီးတက္ကစီရပ်နားကွင်းတွေ ရှိဖို့လိုပါတယ်။ ဒါမှသာ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေကြမှာ ဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ရဲ့ လူဦးရေက ခြောက်သန်းမျှ ရှိနေပြီး နောက် ၁၀ နှစ်၊ ၁၅ နှစ်ဆိုပါက လက်ရှိထက် နှစ်ဆနီးပါးရှိလာနိုင်မယ်လို့လည်း တွက်ဆမှုတွေရှိထားပါတယ်။ ရန်ကုန်မြို့ရဲ့ ခရီးသည် ပို့ဆောင်ရေးကဏ္ဍမှာ မော်တော်ကားလမ်းများကို တတ်စွမ်းသမျှ ချဲ့ထွင်ပြုပြင်ခြင်းထက် ယခုကဲ့သို့ ရထားလမ်းခရီးစဉ်ဖြင့် ပြောင်းလဲစီစဉ်ခြင်းက ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို အမှန်ကန်ဆုံးဖြေရှင်းနိုင်မှု နည်းလမ်းကောင်းတစ်ခု ဧကန်မုချဖြစ်လာမှာပါ။ ဒါကြောင့် ရန်ကုန်မြို့ကြီးကို နောင်လာမယ့် ၁၀ နှစ်ကျော်ကာလကို မျှော်ကြည့်မိတဲ့အခါ ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့ ပြကြီးတစ်ခု ဖြစ်လာနိုင်ခြေရှိပါကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာ့အလင်း