ရန်ကုန် ၈ ဇန်နဝါရီ

 

မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (Myanmar Ethnics Culture Fest) အမည်ဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်ကြီးကို ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်နှင့် စပ်လျဉ်းသည့် စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။ 

 

ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ ဒီနေ့ စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”  ကျင်းပရတဲ့ အကြောင်းကို မီဒီယာတွေကို ချပြတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲက မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးလုပ်တဲ့ တိုင်းရင်းသားတွေရဲ့ ပွဲတော်ဖြစ်ပါတယ်။

 

တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုက အင်မတန်အရေးကြီးတယ်၊ ဒီပွဲတော်ကျင်းပခြင်းဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်ပါတယ်” ဟု ပြောသည်။ 

 

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမင်းဗညားစန်းက “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် သတင်းမီဒီယာများ၏ ပွဲတော်နှင့်စပ်လျဉ်းသည့် မေးမြန်းချက်များကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

အဆိုပါ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော် ဖွင့်ပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ ပွဲတော်ဖျော်ဖြေရေးစင်မြင့်၌ ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက်အထိ ၆ ရက်တိုင် ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

ပွဲတော်တွင် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသားလူမျိုးစု တစ်စုချင်းစီ၏ အကအလှများ၊ တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲ “Miss Ethnic Myanmar 2019”၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုရိုးရာဓလေ့ နေထိုင်မှုပုံစံများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို တစ်စုတစ်စည်းထဲ ဖော်ပြထားသည့် ပြခန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် မိမိတို့ ကုန်ပစ္စည်းများကို တစ်စုတစ်ဝေးထဲ၊ တစ်နေရာတည်းတွင် လူအများကို ပြသရောင်းချနိုင်သည့် Exhibition Booth များ၊ လူမျိုးဘာသာမရွေး စားသောက်နိုင်သည့် Ethnics Night Market ဈေးတန်းများ၊ ဈေးဆိုင်များ၊ အမှတ်တရ ဓာတ်ပုံရိုက်ရန်နှင့် မီးအလှများ စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်တွင် Rဇာနည်၊ ရေဗက္ကာဝင်း၊ အမွန်း၊ ဆုန်သင်းပါရ်၊ ချစ်သုဝေ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ ဝင်းကိုခိုင်၊ ညီမင်းခိုင်၊ စံပီး၊ ဟက်ကက်၊ ကယ်ရိုလိုင်း၊ နမ့်ချစ်နဒီဇော်၊ နီလန်း၊ လိမ္မော်သီး၊ ဆိုင်စံ၊ စောလားထော်ဝါး၊ ဂျက်ဆင်ထွန်း၊ မရန်ဆိုင်းနော်၊ စောဖိုးခွား၊ စိုင်းအောင်ထီးခမ်း၊ လီလီမြင့် စသည့် အနုပညာရှင်၊ တေးသံရှင်တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

 

ပွဲတော်တွင် ပါဝင်သည့် တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲ “Miss Ethnic Myanmar 2019” ကို တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများ၊ ခရီးသွားလုပ်ငန်းများကို မြှင့်တင်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၏ သံတမန်အဖြစ် ကိုယ်စားပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပထမဆုကို ငွေကျပ်သိန်း ၁၅၀ နှင့် ရတနာ ၈ မျိုး ရွှေသရဖူ၊ ဒုတိယဆုကို ငွေကျပ် သိန်း ၇၀ နှင့် အခြားဆုများ၊ တတိယဆုကို ငွေကျပ် သိန်း ၃၀ နှင့် အခြား Title ဆု ၁၀ ဆု တို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကြီးကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့သည် ချစ်ကြည်ရင်းနှီးစွာဖြင့် တွေ့ဆုံကြပြီး စည်းလုံးညီညွတ်မှုကို ပြသနိုင်ရန်၊ တိုင်းရင်းသားလုပ်သားပြည်သူများ လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးကို အထောက်အကူပြုစေရန်၊ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့် တိုင်းရင်းသားဒေသအသီးသီးရှိ အမိမြန်မာနိုင်ငံ၏ လှပသော၊ စိတ်ဝင်စားဖွယ်ကောင်းသော တော၊ တောင်၊ ရေ၊ မြေ အလှအပ သဘာဝများကို နိုင်ငံသူ၊ နိုင်ငံသားများသာမက နိုင်ငံခြားသားများပါ သိရှိလေ့လာနိုင်ကြရန်၊ ခရီသွားလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ဒေသထုတ်ကုန်များနှင့် ရိုးရာအဝတ်အထည်များ စသည်တို့ကို နိုင်ငံတွင်းသာမက နိုင်ငံတကာသို့ပါ ဈေးကွက်တင်ပို့ ဖြန့်ဖြူးရောင်းချနိုင်ရန်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလူငယ်များအတွက် အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း- ရီရီမြင့်၊ မီမီဖြိုး
ဓာတ်ပုံ- လှမိုး