၂၉ ဇန်နဝါရီ

 

ရန်ကုန်မြို့မှာနေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့အလွှာအသီးသီးအလိုက် နေထိုင်မှုဘဝ ဖြတ်သန်းရှင်သန်မှုတွေ ကွာခြားကြပါတယ်။ ဒါကလည်း ရန်ကုန်မြို့မှာသာမကဘဲ မြန်မာ နိုင်ငံဒေသအသီးသီးက မြို့ရွာတွေ၊ နိုင်ငံတကာက မြို့ကြီးတွေမှာ ဒီလိုလူမှုဘဝ နေထိုင်မှုပုံစံအမျိုးမျိုးတွေ  ရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ဝန်ထမ်းတွေ၊ ပြည်သူတွေ၊ နေထိုင်စရာအခက်အခဲရှိနေတဲ့ ကျူးကျော်တွေအတွက် အိမ်ရာတိုက်ခန်းတွေ တည်ဆောက်ပေးနေချိန်လည်း ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ လူထုအခြေပြုအိမ်ရာစီမံကိန်း တိုးချဲ့အကောင်အထည်ဖော်မှုအနေနဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွေမှာ တည်ဆောက်နေပြီ ဖြစ်ပါတယ်။

 

တန်ဖိုးနည်း နေထိုင်နေထိုင်ခွင့်ရရှိသူ

 

တကယ်တော့ ဒီလိုလူထုအခြေပြု အိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်လေးမြို့နယ်တွေမှာ အကောင်အထည်ဖော် တည်ဆောက်ဖို့ စီမံကိန်းရှိနေတာဖြစ်ပါတယ်။ ကနဦးအနေနဲ့ ရွှေပြည်သာမြို့နယ် တိုးချဲ့ ၁၉ ရပ်ကွက်မှာ အိမ်စုစုပေါင်း ၂၆၄ လုံး တည်ဆောက်ပြီးစီးခဲ့လို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ရက်ကစတင်ပြီး နေထိုင်ခွင့်ရရှိသူတွေ ပြောင်းရွှေ့ နေထိုင်နေပြီဖြစ်ပါတယ်။

 

တန်ဖိုးနည်းအိမ်ရာတွေတည်ဆောက်

 

ဒါကလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၉ ခုနှစ် ဇွန် ၃ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်ပရောဂျက်ဘဏ် ရှင်းလင်းပွဲမှာ “ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ နေထိုင်ရေး အလွန်ခက်ခဲနေသူတွေကို တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ပေးဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီး ခြောက်လ အတွင်း အကောင်အထည်ဖော်သွားမယ် လို့ပြောခဲ့တဲ့အတိုင်း ပထမဆုံး ရွှေပြည်သာ မြို့နယ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ရွှေပြည်သာမြို့နယ်မှာ တည်ဆောက်ပေးခဲ့တဲ့ အိမ်တွေက ငွေကျပ် သိန်း ၃၀ တန် ၁၈ ပေ x ၂၅ ပေ အကျယ်အဝန်း ပုံစံတူအိမ်တွေဖြစ်ပြီး နေထိုင်သူတွေနဲ့ တည်ဆောက်ပေးတဲ့သူတွေ ညှိနှိုင်းကာ နေရာအကျယ်အဝန်း၊ တန်ဖိုးတွေ တွက်ချက်ကာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

 

အခုဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ဒဂုံတက္ကသိုလ် အနီးမှာ တန်ဖိုးနည်းအိမ်အလုံး ၃၀၀ ခန့်ကို စတင်တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်မှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လမှာ စတင်တည်ဆောက်တာဖြစ်လို့ အိမ်တွေအားလုံး တည်ဆောက်ပြီးစီးမှုကာလကို သုံးလခန့် အချိန်ကြာမြင့်မယ်လို့ ဆိုပါတယ်။

 

ဒီလို လူထုအခြေပြု အိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ်တောင်ပိုင်းမှာလည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ တစ်ပြိုင်တည်း တည်ဆောက်နေပြီဖြစ်ပါတယ်။ ဒဂုံမြို့သစ်တောင်ပိုင်း မှာတော့ အိမ်ခြေ၁၅၀ခန့်တည်ဆောက်နေပြီး လာမယ့် မတ်လကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နဲ့ ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ်တွေမှာ စတင်အကောင် အထည်ဖော် တည်ဆောက်နေတဲ့ လူထုအခြေပြု အိမ်ရာစီမံကိန်းမှာတော့ အရင်က ရွှေပြည်သာမြို့နယ်မှာ စတင်တည်ဆောက်ခဲ့စဉ်က အားသာချက်၊ အားနည်းချက်နဲ့ နေထိုင်မယ့်သူတွေရဲ့ ဆန္ဒအတိုင်း ငွေကြေး တတ်နိုင်မှုအခြေနေပေါ်မူတည်ကာ ငွေကြေးကုန်ကျမှုကို နှစ်မျိုးနှစ်စားခွဲပြီး တည်ဆောက် နေတာဖြစ်ပါတယ်။

 

အခု ဖော်ဆောင်နေတဲ့ နှစ်မြို့နယ်မှာ နေထိုင်မယ့်သူတွေရဲ့ ပေးဆပ်နိုင်မယ့် ဝင်ငွေ အနေအထားအရ ငွေကျပ်သိန်း ၃၀ တန်နဲ့ ငွေကျပ် ၂၅ သိန်းတန် အိမ်အမျိုးအစားနှစ်မျိုးကို တည်ဆောက်နေတာဖြစ်ပါတယ်။

 

ဒီလိုအိမ်ရာတွေမှာ နေထိုင်မယ့်လူတွေရဲ့ ဝင်ငွေမတူညီတာကြောင့် အိမ်တွေရဲ့ ဒီဇိုင်းတွေလည်း မတူကြပါဘူး။ ဒီဇိုင်းကွာခြားချက်လည်း ရှိနေပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် နေထိုင်မယ့် ပြည်သူတွေကို စာရင်းကောက်ယူတဲ့အခါ အိမ်တန်ဖိုးတတ်နိုင်သူတွေကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ် ချက်တွေနဲ့လည်း ပြည့်မီရမယ့်သူတွေ ဖြစ်ပါတယ်။

 

ဒီမှာ နေထိုင်မယ့်သူတွေအနေနဲ့ တစ်ဦးချင်း ဝင်ငွေလည်း မတူကြတာမို့ အိမ်ဒီဇိုင်းလည်း မတူညီကြတာပေါ့။ သူတို့ အဆင်ပြေပြေနေထိုင်နိုင်ကြမှာပါ လို့ ဒီစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးရေးအသင်း တည်ထောင်သူဒေါ်ဗန်လီဇာအောင် က ပြောပါတယ်။

 

ဝင်ငွေနဲ့ ချိန်ဆတွက်ချက်ပေးသွင်းနိုင်

 

အခုလို လူထုအခြေပြုအိမ်ရာတွေမှာ နေထိုင်ကြမယ့်သူတွေဟာ ငွေကျပ်သိန်း ၃၀တန်မှာ နေထိုင်တဲ့ အိမ်ထောင်စုအတွက် ( တစ်လကို ငွေကျပ် ၇၉၅၀၀ ကို လစဉ်ပေးသွင်း ရမှာဖြစ်ပါတယ်။ ငွေကျပ် ၂၅ သိန်းတန်အိမ်မှာ နေထိုင်မယ့် အိမ်ထောင်စုအတွက်ကတော့ ( တစ်လကို ငွေကျပ် ၆၀၀၀၀ လစဉ်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါကလည်း သူတို့ရဲ့ ဝင်ငွေနဲ့ချိန်ဆတွက်ချက်ပြီး ပေးသွင်းနိုင်မယ့် ငွေပမာဏကို ပေးချေစေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီလိုငွေကြေးသတ်မှတ်ချက်နဲ့ လစဉ် ငွေပေးချေမှုတွေကြောင့် သူတို့အတွက် ဒီအိမ်ရာပေါ်မှာ နှစ်ပေါင်း ၃၀ ကြာအောင် ကနဦးနေထိုင်ခွင့်ရရှိကြမှာ ဖြစ်ပါတယ်။ ဒါဆိုရင် နေထိုင်ရေးခက်ခဲနေကြတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုတွေအတွက် လစဉ်ငွေကြေး အနည်းငယ်ပေးသွင်းရုံနဲ့ ကနဦး နှစ်ပေါင်း ၃၀ ကြာအောင် နေထိုင်ခွင့်ရမှာ ဖြစ်လို့ နေထိုင်ရေးအတွက် ရင်အေးစရာ ဖြစ်စေမှာ သေချာပါတယ်။

 

တကယ်တော့ အခုတည်ဆောက် အကောင်အထည်ဖော်ပေးနေတဲ့ လူထုအခြေပြု အိမ်ရာစီမံကိန်းတွေဟာ အစိုးရရဲ့မြေပေါ်မှာ တည်ဆောက်ပေးထားတာဖြစ်ပြီး အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးတွေကို တိုင်းဒေသကြီးအစိုးရက ထောက်ကူပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုဘဝအခြေခံ လိုအပ်ချက်တွေကအစ ဖြည့်ဆည်းပေးထားတာဖြစ်လို့ နေထိုင်ရသူတွေ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

 

အရင်တုန်းက အခုလိုနေထိုင်မှုအိမ်ရာ အခက်အခဲရှိသူတွေကို ရန်ကုန်မြို့နဲ့ ဝေးတဲ့နေရာတွေအထိ ပြောင်းရွှေ့ ပေးလိုက်တဲ့ အစီအစဉ်မျိုးထက် အခုလို ရေ၊ မီး၊ လမ်း အသင့်ရှိနေတဲ့နေရာ လူနေရပ်ကွက်အတွင်းက နေရာမျိုးတွေမှာ အကောင်အထည် ဖော်ပေးနေတာကြောင့် နေ့စဉ်အလုပ်အကိုင်၊ စားဝတ်နေရေး၊ သွားလာရေးတို့အတွက် အခက်အခဲမရှိ နေထိုင်သွားလာနိုင်ကြမှာ ဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းသကြီးအတွင်းမှာ အိမ်ရာ အခက်အခဲရှိနေတဲ့ ကျူးကျော်နေထိုင်သူ တွေရဲ့ စာရင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ က စတင်စာရင်းကောက်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ပြီးစီးခဲ့ပါတယ်။ ကျူးကျော် နေထိုင်သူတွေရှိတဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ် မှာ ကျူးကျော်နေထိုင်သူ အိမ်ထောင်စု ၁၆၀၀၀၀ ကျော်ကို စမတ်ကတ်တွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒီစမတ်ကတ်ရှိတဲ့ အိမ်ထောင်စုတွေထဲက အခုလို အိမ်ရာစီမံကိန်းမှာ သတ်မှတ်ထားတဲ့ငွေကြေး၊ စည်းကမ်းချက်ရှိတဲ့ အိမ်ထောင်စုတွေကို နေထိုင်ခွင့်ပြုပေး နေတာဖြစ်ပါတယ်။

 

အိမ်ရာတန်ဖိုးအရစ်ကျပေးချေ

 

ဒီလို လူထုအခြေပြုအိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ ရန်ကုန် တိုင်းဒေသကြီးအစိုးရက မြေနေရာပေးပြီး ပျိုမေ့အိမ်အဖွဲ့က တည်ဆောက်ကာ အသေးစားငွေချေးအဖွဲ့နဲ့ ချိတ်ဆက်ဆောင် ရွက်ဖော်ဆောင်နေတာဖြစ်ပါတယ်။ ဒီလို ချိတ်ဆက်ဆောင်ရွက်မှုကြောင့် ကျူးကျော် နေထိုင်သူတွေအတွက် အိမ်ရာတန်ဖိုး ငွေကြေးကို လစဉ်အရစ်ကျပေးချေသွားရုံနဲ့ နေထိုင်နိုင်ခွင့် ရရှိကြမှာဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော်တွေအတွက် လူထုအခြေပြု အိမ်ရာတွေ ဖော်ဆောင်မယ့်စီမံကိန်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကာလအတွင်း အဲဒီအိမ်ထောင်စုတွေ နေထိုင်ဖို့အတွက် ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေမှာ အိမ်အလုံးရေ ၂၀၀၀၀ မှ ၅၀၀၀၀ အထိ တည်ဆောက်ပေးသွားဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောထားပါတယ်။ အိမ်အလုံးရေ ၅၀၀၀၀ မပြီးရင်တောင် ၂၀၀၀၀ ခန့်ပြီးအောင် အကောင်အထည်ဖော်သွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

 

ဒီလို အကောင်အထည်ဖော်ဆောင်ရွက် မှုတွေကြောင့် ရန်ကုန်မြို့ရဲ့ အခြေခံပြည်သူတွေ၊ နေရာအခက်အခဲရှိသူတွေ၊ ကျူးကျော်တွေအတွက် သူတို့ရဲ့ ဝင်ငွေအနေအထား ပေါ်မူတည်ပြီး အဆင့်အတန်းရှိတဲ့ လူမှုဘဝကို မြှင့်တင်ပေးဖို့ အထောက်အကူပြုနိုင်တာကြောင့် ကြိုဆိုရမယ့် စီမံကိန်းတစ်ခုပဲ ဖြစ်ပါတယ်။

 

အာကာဟိန်း

 

ddwrr