ထင်ပေါ်ဝင်း

ရန်ကုန်မြို့တော်ကြီးတွင် လူနေထိုင်မှု တိုးတက်များပြားလာသည်နှင့်အမျှ အိမ်ရာအဆောက်အအုံ လိုအပ်ချက်ကလည်း တစ်နေ့တခြား တိုးပွားလာလျက်ရှိသည်။ ယခုအခါ ရန်ကုန်မြို့တော်ကြီးတွင် အထပ်မြင့် အိမ်ရာအဆောက်အအုံတို့က လက်ညှိုးထိုးမလွဲ ပေါ်ပေါက်လာလျက်ရှိသည်။ အထပ်မြင့် အဆောက်အအုံတို့က မြို့တော်ရန်ကုန်၏ ရှုခင်းရှုကွက်ကောင်းသော အင်းလျားကန်၊ ကန်တော်ကြီး စသော ကန်ရေပြင်များအနီးတွင်လည်းကောင်း၊ ရွှေတောင်ကြီးသဏ္ဌာန် အဆင်းရှိသော ရွှေတိဂုံစေတီတော်ကြီးသို့ ဖူးမြော်နိုင်သော နေရာများတွင်လည်းကောင်း တည်ဆောက်ထားကြသည်။

အိမ်ရာများအသစ်ပြန်လည်တည်ဆောက်ရန်

တည်ဆောက်ဖွင့်လှစ်ပြီးသော အထပ်မြင့်အဆောက်အအုံများရှိသကဲ့သို့ ဆောက်လုပ်ဆဲ အိမ်ရာစီမံကိန်းများကလည်း ရန်ကုန်မြို့အနှံ့တွင် နေရာယူထားဆဲဖြစ်သည်။ မြို့တော်ရန်ကုန် အတွင်းရှိ အချို့အချို့သော အိမ်ရာများမှာ နှစ်ကာလပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်၍ အသစ်ပြန်လည် တည်ဆောက်ရန် လိုအပ်လျက်ရှိသည်။ ရန်ကင်းမြို့နယ်အတွင်းရှိ အိမ်ရာများ၊ ဒဂုံမြို့နယ် အမျိုးသားရေကူးကန် အနီးရှိ အိမ်ရာများကဲ့သို့ သက်တမ်းတစ်ခုအထိ နေထိုင်ပြီးသော အိမ်ရာကြီးများမှာ အသစ်ပြန်လည်ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည်။

ထို့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ရန်ကုန်မြို့၏ အနောက်တောင်ဘက်တွင် အနောက်တောင် မြို့သစ်စီမံကိန်းကို စတင်နိုင်ရန် ကြိုးစားလျက်ရှိသည်။ ကြည့်မြင်တိုင်မြို့နယ် အနောက်ဘက်ကမ်းရှိ မြေဧက နှစ်သောင်းပေါ်တွင် စတင်မည့် စီမံကိန်းဧရိယာသည် ရန်ကုန်မြစ်၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်၏ တောင်ဘက်တွင် တည်ရှိပြီး မြစ်ဝအထိရှိကြောင်း သိရသည်။

အလုပ်အကိုင် အခွင့်အလမ်းပေါင်း နှစ်သန်းနီးပါးကို ဖော်ဆောင်ပေးမည့် ရန်ကုန်မြို့သစ်စီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ခွဲခြားလုပ်ဆောင်သွားမည်ဖြစ်ပြီး အဆင့်(၁)အနေဖြင့် မြောက်ဘက်၌ ပန်းလှိုင်မြစ်၊ တောင်ဘက်၌ တွံတေးတူးမြောင်း၊ အရှေ့ဘက်တွင် ရန်ကုန်မြစ်ရှိပြီး အနောက်ဘက်တွင် ရန်ကုန်- တွံတေး ကားလမ်းမအတွင်းရှိ မြေ ၇၂၈၄ ဟက်တာကို စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဟက်တာ ခြောက်သောင်း ထပ်မံတိုးချဲ့မည်ဟုဆိုသည်။ အဆိုပါ အချက်များမှာ လွန်ခဲ့သော ကိုးလခန့်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရခြင်းဖြစ်သည်။

နေထိုင်စရာ တန်ဖိုးနည်းအိမ်ရာ

ယခုအခါ ရန်ကုန်မြို့စွန် မြို့နယ်များဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာအစရှိသော မြို့နယ်များ၌ ကျူးကျော်နေထိုင်သူ အများအပြားရှိနေကြသည်။ ၎င်းတို့မှာ အိမ်ရာမဲ့များအဖြစ် စက်ရုံများအနီးတွင် လည်းကောင်း၊ မြို့နယ်များအတွင်းရှိ အဓိက လမ်းမကြီးများဘေးတွင် လည်းကောင်း ဖြစ်သလိုတဲထိုးကာ နေထိုင်ကြလျက်ရှိသည်။ ယင်းတို့အတွက် အဓိကလိုအပ်ချက်မှာ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် နေထိုင်စရာ တန်ဖိုးနည်းအိမ်ရာပင် ဖြစ်သည်။

ရန်ကုန်မြို့၏ မြို့နယ်အသီးသီးတွင် ဆောက်လုပ်ထားသော ကန်ထရိုက်တိုက်များ၊ ကွန်ဒိုများ၊ အထပ်မြင့်အဆောက်အအုံများတွင် အခန်းလွတ်များ များစွာရှိနေကြသည်။ ယင်းအခန်းတို့မှာ ငှားမရ၊ ရောင်းမရသဖြင့် သော့ခတ်ပိတ်ထားသော အခန်းလွတ်များဖြစ်သည်။ မြို့တော်ရန်ကုန်တွင် အဆင့်မြင့်မြင့် နေထိုင်လိုသူတို့အတွက် အိမ်ရာလိုအပ်ချက်မှာ ပြည့်မီခဲ့ပြီ ဖြစ်ပြီး တန်ဖိုးနည်းနည်းဖြင့် နေထိုင်လိုသူတို့အတွက် အိမ်ရာ လိုအပ်ချက်မှာ ယနေ့တိုင် ဖြေရှင်းရန် ခက်ခဲလျက်ပင်ရှိနေသေးသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာ

ထို့အတူ အနယ်နယ်အရပ်ရပ်မှ လာရောက်၍ နိုင်ငံ့တာဝန် ထမ်းဆောင်သူ၊ အလုပ်နှင့်အိမ် အသွားအပြန် နာရီပေါင်းများစွာ အချိန်ပေးကာ လုပ်ငန်းခွင်ဝင်နေရသော နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာများ လိုအပ်လျက်ရှိသည်။

သို့ဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ငွေကြေးပမာဏပေါင်းများစွာ ရင်းနှီးမြှုပ်နှံရမည့် မြို့သစ်ကြီးများ၊ ငွေသန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ရမည့် အထပ်မြင့်အဆောက်အအုံနှင့် အိမ်ရာစီမံကိန်းကြီးများကို သာမက ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားနေထိုင်ရန် လိုအပ်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ၊ နိုင်ငံ့ဝန်ထမ်းများနေထိုင်ရန် ဝန်ထမ်းအိမ်ရာများကို ဦးစားပေး ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

မြန်မာ့အလင်း