မိုးမြင့်လင်းလက်
ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံတစ်ဝန်းက လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ မြို့ကြီးတစ်မြို့အဖြစ်လည်း ရပ်တည်နေပါတယ်။ အဲဒီလို အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တာကလည်း ရန်ကုန်မြို့ကို အဓိကဝိုင်းရံထားသလို တည်ရှိနေတဲ့ စက်မှုဇုန်တွေနဲ့ သီလဝါ အထူးစီးပွားရေးဇုန်ကြောင့်ပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ စက်မှုဇုန် ၂၉ ဇုန်ရှိနေပြီး လုပ်ငန်းတွေ လည်ပတ်နေသလို စက်မှုဇုန်အသစ်နဲ့ အသေးစားစက်မှု ဥယျာဉ်တွေကိုလည်း ထပ်မံထွက်ပေါ်လာဖို့ ကြိုးစားနေချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မလစ်ရွာ အနီးမှာ မြို့တော်သစ် အသေးစားစက်မှုဥယျာဉ်စီမံကိန်း (မလစ်)ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။
အဲဒီအသေးစားစက်မှုဥယျာဉ်စီမံကိန်း (မလစ်) ကို မလစ်ကျေးရွာ အနီးမှာရှိတဲ့ မြေဧက အကျယ်အဝန်း ဧက ၅၅၀ ခန့် အကောင်အထည်ဖော်နိုင်ဖို့အတွက် အခြေခံဆောင်ရွက်မှုတွေ အဖြစ် ပြည်သူလူထုကို ချပြဖို့ ဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၂၂ ရက်မှာတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် သစ်ဆိမ်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တွေ့ဆုံချပြ ဆွေးနွေးခဲ့ကြပါတယ်။
လူထုနဲ့ တွေ့ဆုံတဲ့အခါ အသေးစားစက်မှုဥယျာဉ် စီမံကိန်း (မလစ်)နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်မယ့် စီမံကိန်းဆိုင်ရာ အချက်အလက်တွေ၊ စီမံကိန်းဆောင်ရွက်တဲ့အခါ သက်ရောက်မှုရှိမယ့် ဧရိယာတစ်ခုလုံးကို စစ်တမ်းကောက်ယူခြင်း လုပ်ငန်းတွေ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းတွေကို ပြည်သူလူထုနဲ့တွေ့ဆုံပြီး ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ မလစ်ရွာအနီးမှာ အကောင်အထည်ဖော်မယ့် အသေးစား စက်မှုဥယျာဉ်စီမံကိန်း (မလစ်)ကို New City Development Public ကုမ္ပဏီလီမိတက်က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နဲ့ အနီးဝန်းကျင်က ဒေသခံလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ထွက်ပေါ်လာစေမှာပဲ ဖြစ်ပါတယ်။
လုပ်ငန်းတွေအကောင်အထည်ဖော်ဖို့စတင်နေ
တကယ်တော့ ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အကျယ် အဝန်း ဧက ၁၀ဝဝ ခန့်ရှိတဲ့ စက်မှုဇုန်တွေ တည်ဆောက် အကောင်အထည်ဖော်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြိုးစားနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဧက ၇၀ဝ ခန့် အကျယ်အဝန်းမှာ အကောင်အထည်ဖော်မယ့် ဇရပ်ကွင်း စက်မှုဥယျာဉ်စီမံကိန်းကလည်း လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ စတင်နေပြီဖြစ်ပါတယ်။
ဒါ့အပြင် အကျယ်အဝန်းဧက ၅၀ဝ ခန့်ရှိတဲ့ ဒလဘန်းစက်မှု ဥယျာဉ်ကိုလည်း ဖော်ဆောင်နိုင်ရေး ကြိုးစားနေသလို အကျယ် အဝန်း ဧက ၅၀ဝ ခန့်ရှိတဲ့ ရှမ်းတဲကြီး အကြီးစားစက်မှုဇုန် စီမံကိန်းတွေကိုလည်း ဖော်ဆောင်နိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြိုးစားစီစဉ်နေပါတယ်။
ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးတည်ရှိရာဖြစ်တဲ့ ရန်ကုန်မြို့ဟာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်များပြားလာတာနဲ့အမျှ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ များများ ထွက်ပေါ်လာတာမို့ လူငယ်တွေအတွက် မျှော်လင့်ချက်ရှင်သန်စရာ မြို့ကြီးတစ်မြို့ အဖြစ် ရပ်တည်လာနိုင်မှာ ဖြစ်ပါတယ်။
ရန်ကုန်စီမံကိန်းဘဏ်မှာ ထည့်သွင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ အရှေ့ဒဂုံခေတ်မီစက်မှုဇုန် (၁) နှင့် (၂)တို့ကို အကောင်အထည် ဖော်ဖို့ အစီအစဉ်ရှိနေပါတယ်။ အဲဒီစက်မှုဇုန်(၁)မှာ ထည့်သွင်းလုပ်ဆောင်မှာကတော့ အသေးစားစက်မှုလုပ်ငန်းနဲ့ စီးပွားရေးဇုန် တည်ဆောက်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်စီမံကိန်းဘဏ်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဈေးကွက်အထိလွယ်ကူလျင်မြန်စွာချိတ်ဆက်
အရှေ့ဒဂုံ ခေတ်မီစက်မှုဇုန်(၁)မှာ မြေအကျယ်အဝန်းဧက ၂၈၅၀ ခန့် ပါဝင်နေပါတယ်။ အဲဒီဇုန် (၁)မှာ အသေးစားစက်မှု လုပ်ငန်းများနဲ့ စီးပွားရေးဇုန်တည်ဆောက်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက အစီအစဉ်ရှိနေပါတယ်။ ကုန်သွယ်မှုနဲ့ ကုန်ထုတ်လုပ်မှုတွေ ပေါင်းစပ်နိုင်အောင် စီစဉ်ထားတာဖြစ်ပြီး ထုတ်ကုန်တွေကို သယ်ယူပို့ဆောင်နိုင်ရေးနဲ့ ဈေးကွက်အထိ လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်ရေးအထိပါ မျှော်မှန်းထား တာ ဖြစ်ပါတယ်။
ဂုံမြို့သစ်(အရှေ့ပိုင်း) ခေတ်မီစက်မှုဇုန်(၂)ကတော့ မြေဧက ၆၅၀ဝ ကျော်မှာ ဆောင်ရွက်ဖို့အစီအစဉ်ရှိနေပြီး အဲဒီ နေရာမှာ စက်မှုဇုန်ရော၊ စီးပွားရေးဇုန်တွေပါ တည်ထောင်နိုင်ဖို့ ဖြစ်သလို လူနေအိမ်ရာတွေပါ ထည့်သွင်းဖော်ဆောင်နိုင်ရေး မျှော်မှန်းထားတာဖြစ်ပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ အဲဒီစက်မှုဇုန်(၁) နဲ့ (၂)တွေအတွက် စီမံကိန်းအကြိုလေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အရှေ့ဒဂုံခေတ်မီစက်မှုဇုန်(၁)နဲ့ (၂) စီမံကိန်းကို ရန်ကုန် စီမံကိန်းဘဏ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
စိတ်ကူးအကြံဉာဏ်သစ်တွေ ထွက်ပေါ်
ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးဧရိယာပတ်လည်မှာ စက်မှုဇုန်၊ စက်မှုဥယျာဉ်၊ အထူးစီးပွားရေးဇုန်တွေ တိုးတက်ဖြစ်ထွန်းအောင် ဖော်ဆောင်ဖို့ ကြိုးစားနေတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး မောင်းနှင်အားကို ပိုမိုတွန်းအားပေး ဖြည့်ဆည်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်တွေ၊ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ထွက်လာပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံသစ်တွေ၊ စိတ်ကူးအကြံဉာဏ်သစ်တွေ ထွက်ပေါ် စေမှာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်
ဒါကြောင့်မို့ အခုလိုပြည်သူလူထုကို ချပြဆွေးနွေးနေပြီဖြစ်တဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မလစ်ရွာအနီးမှာ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ အသေးစားစက်မှုဥယျာဉ်စီမံကိန်း (မလစ်)ဟာ အကောင်အထည် ပေါ်လာခဲ့ရင်တော့ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်အဖြစ် ပီပြင်စေမယ့် ပုံရိပ်တစ်ခု ဖြစ်ထွန်းလာဦးမှာ အမှန်ပါပဲ။ ။
မြန်မာ့အလင်း