ရန်ကုန်မြို့ ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေချိန်မှာ မြို့ပြရော ဆင်ခြေဖုံး မြို့နယ်တွေမှာပါ စီမံကိန်းတွေ ချမှတ်ပြီး အကောင်အထည်ဖော်နေပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီး တွံတေး မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ ရေသန့်စင် စက်ရုံစီမံကိန်းကို ဖော်ဆောင်ဖို့ စတင်နေပြီ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတကာအဆင့်မီရေသန့်စင်စက်ရုံ စီမံကိန်းကို တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာ အုပ်စု ဘုရားကြီးစုရွာအနီး တွံတေးတူးမြောင်း ရဲ့ ရေမိုင် ၅ ဒသမ ၅ မိုင် ဘေးနေရာမှာ အကောင် အထည်ဖော် ဆောင်ရွက်တာဖြစ် ပါတယ်။ ဒီစီမံကိန်းဟာ သောက်ရေသန့်တွေကို ဒလ မြို့နယ်နဲ့ တွံတေးမြို့နယ်အတွင်းက ဒေသခံပြည်သူတွေကို ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေ ဆွေးနွေး 

ဒီစီမံကိန်းအကောင်အထည်ဖော် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်မတ် ၃ ရက် နံနက် ၉ နာရီက တွံတေးမြို့နယ် ဘုရားကြီးစုရွာ ဦးပြူးဘုရား အာရုံခံတန်ဆောင်းမှာ ပြည်သူလူထုနဲ့ တွေ့ဆုံရှင်းပြ ဆွေးနွေးခြင်းတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံတဲ့အခါ ဒလမြို့နယ်နဲ့ တွံတေး မြို့နယ်တို့က ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဒေသခံပြည်သူတွေကို ရှင်းလင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို စက်ရုံစီမံကိန်းနဲ့ ပတ်သက် ပြီး တာဝန်ရှိသူတွေကလည်း ဆွေးနွေးခဲ့ကြပါတယ်။

“ဒီစီမံကိန်းဟာ ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်၊ ဒလမြို့နယ်နဲ့ ကော့မှူးမြို့နယ် တို့ကဒေသခံပြည်သူတွေအတွက် သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်ဖို့ ဂျပန်အစိုးရရဲ့ အကူအညီနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ ဆောင်ရွက်ပေးခြင်း ဖြစ်တယ်” လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ရေရရှိရေးနဲ့ ရေပေးဝေရေး လုပ်ငန်းအဖွဲ့ တာဝန်ခံလက်ထောက်ဌာနမှူး ဒေါ်သင်းသင်းစိုးက ပြောပါတယ်။

ဒီစီမံကိန်းကို ဂျပန်ယန်းငွေ ၄ ဒသမ ၁၇၆ ဘီလီယံခန့်နဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်သလိုတွံတေးမြို့နယ် ဘုရားကြီးစုကျေးရွာရှိ လယ်မြေဧက ၁၈ ဒသမ ၇၇၈ ဧကကို နိုင်ငံတော်အစိုးရက ဝယ်ယူအကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေသခံအများပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းနဲ့ သတင်းအချက်အလက် ထုတ်ဖော်ခြင်းအပြင် လူထုနဲ့ တွေ့ဆုံတာတွေကို မတ် ၃ ရက်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရေဂါလန်ပေါင်း ၃ ဒသမ ၃ သန်းဖြန့်ဖြူး နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံ အတွက် တွံတေးတူးမြောင်းမှ ရေတွေကို အဆင့်ဆင့်သန့်စင်ပြီး တစ်နေ့လျှင် သန့်စင်ပြီး ရေဂါလန်ပေါင်း ၃ ဒသမ၃ သန်းကိုဒလမြို့နယ်နဲ့ တွံတေးမြို့နယ်အတွင်း သေခံတွေကို ဒလ မြို့နယ်ရေပေးဝေရေးပိုက်လိုင်းကွန်ရက်ကနေ ပြီး ဖြန့်ဖြူးပေးသွားဖို့ စီစဉ်ထားပါတယ်။

ကော့မှူးမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်က ပြည်သူတွေကိုတော့ ရေသန့်ကားတွေ၊ ရေသန့် ဘူးတွေနဲ့ သယ်ယူပို့ဆောင်ဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ပြီးနိုင် ဒီစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မှာ စတင် တည်ဆောက်ဖော်ဆောင်တာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ပြီးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ အခုလောလောဆယ်မှာတော့ ရေပိုက်သွယ်တန်းခြင်း၊ ဆက်သွယ် ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ သောက်သုံးရေသန့်အခက်အခဲရှိနေတဲ့ ရန်ကုန်တောင်ပိုင်းခရိုင်က ဒလ၊ တွံတေး၊ ကော့မှူး ကွမ်းခြံကုန်းမြို့ နယ်က ပြည်သူတွေအတွက် တော့ ဝမ်းသာရမယ့်စီမံကိန်းပဲ ဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ သောက်ရေသန့် ထုတ်လုပ်မှု စွမ်းအားကတော့ ဒလမြို့နယ် ရေပေးဝေရေး ကွန်ရက်စနစ်အတွင်းကို နေ့စဉ် ရေဂါလန် ၃ ဒသမ ၃သန်းအပြင် ကော့မှူးနဲ့ ကွမ်းခြံကုန်း ဒေသခံတွေအတွက် သောက်ရေသန့်ဘူး ၀ ဒသမ ၀၆၆ သန်း ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မီ ရေသန့်စက်ရုံ စီမံကိန်းရဲ့ ရေသန့်စင်မှု နည်းပညာအနေနဲ့ သဲအမြန်ရေစစ်ခြင်း(Rapid Sand filtration System) ကို အသုံးပြုပြီး သောက်ရေသန့် ထုတ်လုပ်မှာဖြစ်ပါတယ်။ အဲဒီရေသန့်စင်ခြင်းက ထွက်ရှိလာတဲ့ အနည်အနှစ်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အမှိုက်စွန့်ပစ်မှုစနစ်ရှိ မြေသားဖြည့်ခြင်းမှာ အသုံးပြုသွားဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များကို သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်ဖို့အတွက် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါတယ်။ အဲဒီစီမံကိန်းကလည်း လာမယ့် ၂၀၂ ခုနှစ်မှာ ပြီးစီးဖို့ရှိနေပြီး တစ်နေ့ကို ရေဂါလန် သန်း ၄၀ ခန့် ဖြန့်ဝေပေး နိုင်မယ်လို့ သိရပါတယ်။ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကနေပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲ့ ရပ်ကွက်တွေအပြင် စက်မှုဇုန်ဧရိယာကိုလည်း သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ 

ရေဖြန့်ဖြူးနိုင်မှုလွှမ်းခြုံဧရိယာ ဒါ့အပြင် ငမိုးရိပ်၊ လှော်ကား၊ ဂျိုးဖြူ တို့မှလည်း ရန်ကုန်မြို့နေ ပြည်သူတွေအတွက် သောက်သုံးရေဖြန့်ဖြူးမှုတွေ ပြုလုပ်နေပါ တယ်။ သောက်သုံးရေဖြန့်ဖြူးမှု စီမံကိန်း အသစ်တွေကလည်း ရန်ကုန်မြို့နယ်တွေကို ရေဖြန့်ဖြူးနိုင်မှုလွှမ်းခြုံ ဧရိယာ ပိုမိုများပြား လာရေးကို ကြိုးစားဖော်ဆောင်နေပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ရေပေးဝေနိုင်ရေးနဲ့ လွှမ်းခြုံနိုင်မှုဟာ ၄၅ ရာခိုင်နှုန်းခန့်သာ ရှိနေပေမယ့် လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ ၉၀ ရာခိုင်နှုန်းအထိ ဖြန့်ဖြူးပေးနိုင်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

အသစ်တည်ဆောက်နေတဲ့ ကုက္ကိုလ်ဝ ရေပေးဝေရေးစီမံကိန်းကလည်း လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြီးစီးမှာဖြစ်လို့ လိုအပ်တဲ့ နေရာတွေကို သောက်သုံးရေဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေနဲ့ သောက်သုံးရေ အပြည့်အဝပေးနိုင်ဖို့ ရေရရှိရေးအတွက် ရေအရင်းအမြစ်တွေ ရှာဖွေရေး၊ လက်ရှိ ရေပေးဝေရေးစနစ်မှာ ရေလေလွင့်ဆုံးရှုံးမှု လျော့နည်းရေးတွေကိုနိုင်ငံတကာအကူအညီနဲ့ ဆောင်ရွက်နေပါတယ်။

ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက် 

ရန်ကုန်မြို့ကြီးကို အဘက်ဘက်က ဖွံ့ဖြိုး တိုးတက်အောင် အကောင်အထည်ဖော်တဲ့ နေရာမှာ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက် လည်း ဖြည့်ဆည်းပေးနေရမှာဖြစ်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့သောက်သုံးရေသန့် စီမံကိန်းသစ်တွေကို ဖော်ဆောင်ပေးရမှာဖြစ်ပါ တယ်။ ဒါကြောင့်လည်း အခုလိုနိုင်ငံတကာ အဆင့်မီ သောက်သုံးရေစီမံကိန်းအသစ် ဖော်ဆောင်ခြင်းဟာလည်း ရန်ကုန်မြို့နေ ပြည်သူတွေအတွက် နေ့စဉ်ဘဝလိုအပ်ချက် တစ်ခုကို ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်တာ အမှန်ပါပဲ။ ။

ဆွေဦးဝေ