မောင်ချစ်ကြည်၊ ဓာတ်ပုံ-ကေဇင်သွယ်သင်း
ရန်ကုန်မြို့ရဲ့ နေရာအနှံ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝဲယာကိုကြည့်လိုက်ရင် အထပ်မြင့် အဆောက်အအုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ အထပ်မြင့်မိုးပျံ အဆောက်အအုံတွ ပေါများတာကလည်း ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။ ဒီလိုအထပ်မြင့်အဆောက်အအုံတွေ အများအပြား ရှိနေတဲ့ ရန်ကုန်မြို့မှာ သံမဏိတွေနဲ့ တည်ဆောက်ထားတဲ့ M Tower အဆောက်အအုံကို လာမယ့် ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“ဒီအဆောက်အအုံရဲ့ အမြင့်ကို လက်ရှိ စည်းကမ်းသတ်မှတ်ချက်အရ ၁၁၂ မီတာအထိသာ ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခုလိုစီမံကိန်းတွေ တည်ဆောက် နေမှုက ရန်ကုန်မြို့ရဲ့ လူနေမှုဘဝကို အဆင့်မြှင့်တင် ပေးနိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာ စေမှာဖြစ်ပါတယ်” လို့ M Tower အဆောက် အအုံကို တာဝန်ယူတည်ဆောက်နေတဲ့ မုတ္တမ ဟိုဒင်းကုမ္ပဏီဥက္ကဋ္ဌ ဦးရန်ဟိုက ဇွန် ၂၉ ရက်က ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။
အခုတည်ဆောက်နေတဲ့ M Tower အထပ်မြင့်အဆောက်အအုံက အမှတ် ၅၂၇ ပြည်လမ်း ကမာရွတ်မြို့နယ် လှည်းတန်းစင်တာနဲ့ အာရှစိမ်းလန်းဖွံ့ ဖြိုးရေးဘဏ်အကြား မြေနေရာမှာ အကောင်အထည်ဖော် တည်ဆောက်နေတာဖြစ်ပါတယ်။ ထူးခြားတာကတော့ ရန်ကုန်မြို့မှာ သံမဏိတွေအသုံးပြုပြီး အထပ်မြင့် တည်ဆောက်ထားတဲ့ ပထမဆုံးအဆောက်အအုံပဲဖြစ်ပါတယ်။
ဒီအဆောက်အအုံဟာ မြေအကျယ် ၃၈၀ဝ စတုရန်းမီတာပေါ်မှာ တည်ဆောက်နေတာဖြစ်ပြီး အထပ်ပေါင်း ၂၆ ထပ်ရှိပါတယ်။ မူလက အထပ် ပေါင်း ၃၀ ဒီဇိုင်းနဲ့ တည်ဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့ ရန်ကုန်မြို့ရဲ့ အဆောက်အအုံ အမြင့် စည်းမျဉ်းစည်းကမ်းတွေကြောင့် အထပ်လျော့ပြီး တည်ဆောက်နေတာဖြစ်ပါတယ်။
အဆောက်အအုံတစ်ခုလုံးကို စတီးဖရိန်တွေနဲ့ တပ်ဆင်တည်ဆောက်နေပြီး မြေအောက်နှစ်လွှာကိုတော့ ခိုင်ခံ့မှုပိုမိုကောင်းမွန်အောင် သံကူကွန်ကရစ်နဲ့ တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ ဒီအဆောက်အအုံစီမံကိန်းဟာ အမေရိကန် ဒေါ်လာ သန်း ၈၀ ခန့် ကုန်ကျခံနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
အဲဒီသံမဏိ အထပ်မြင့်အဆောက်အအုံကို ၂၀၁၆ ခုနှစ် ဇွန်လမှာ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းဖြစ်တဲ့ ဧပြီလထဲမှာ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ အဆောက်အအုံရဲ့ မြေပေါ်အမြင့်ကတော့ ၁၁၂ ဒသမ ၂ မီတာရှိပြီး မြေအောက်အနက် ၁၁ ဒသမ ၂ မီတာရှိတယ်လို့ စီမံကိန်းဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာ ပထမဆုံး သံမဏိဖရိန်သုံး အမြင့်ဆုံးအော့ဖစ်တာဝါဖြစ်လာမယ့် ဒီအထပ်မြင့်အဆောက်အအုံဟာ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ နှုန်း တိုက်ခတ်မှုကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာဖြစ်သလို လုံခြုံမှုအပိုင်းအနေနဲ့ အပြင်ပိုင်းကို အရည်အသွေးမြင့်မားတဲ့ မှန်နံရံတွေ သုံးထားပြီး အတွင်းပိုင်းကိုလည်း အရည်အသွေးမြင့်တဲ့ မှန်နံရံတွေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အပူချိန်နဲ့ အသံဆူညံမှု တွေက သက်သာလျော့နည်းစေမှာ ဖြစ်ပါတယ်။
အဲဒီအဆောက်အအုံမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုလည်း တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက တင်သွင်းကာ တည်ဆောက်ထားတာဖြစ်သလို ဂျပန်နည်းပညာနဲ့ သံမဏိတန်ချိန် ရှစ်ထောင်ကျော်ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ အထပ် ၂၀ မြင့်တဲ့ ဒီအဆောက်အအုံမှာ ကားအစီးရေ ၂၆၅ စီး ရပ်နားနိုင်တဲ့ ကားပါကင်လည်း ထည့်သွင်း ထားပါတယ်။
ဒီအဆောက်အအုံကို နိုင်ငံသားပိုင် မုတ္တမ ဟိုဒင်းကုမ္ပဏီလီမိတက်က ၅၁ ရာခိုင်နှုန်းနဲ့ ဟောင်ကောင်အခြေစိုက် Mutual Profit ကုမ္ပဏီ လီမိတက်မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံကာ အကျိုးတူပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာတော့ အထပ်မြင့်အဆောက် အအုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စက်မှုဇုန် တွေနဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာတော့ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းပြည်ပ ပူးပေါင်းရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြတာ အများအပြားပါပဲ။
ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးမှာ အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်တဲ့ အခါ အမြင့်ဆုံး ၃၄ ထပ်အထိသာ ခွင့်ပြုထား တယ်လို့ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေး ရေးပညာရှင်အဖွဲ့က သတ်မှတ်ထားပါတယ်။ ရန်ကုန်မြို့မှာတော့ ၃၄ ထပ်မြင့်တဲ့ အဆောက် အအုံနှစ်လုံးသာရှိပြီး တစ်လုံးကတော့ အင်းလျား လိတ်ဟိုတယ်အနီး ဦးထွန်းငြိမ်းလမ်းမှာ ဒိုင်းမွန်း အင်းယားပဲလေ့စ် ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ၃၃ ထပ်မြင့်တဲ့ အဆောက် အအုံတွေ၊ ၂၉ ထပ်မြင့်တဲ့ အဆောက်အအုံတွေ လည်း တည်ဆောက်ပြီး တည်ဆောက်ဆဲအနေအထားတွေ ရှိနေပါတယ်။ အထပ်မြင့်အဆောက် အအုံတွေဟာ တည်ဆောက်ရင် ပိုင်ရိုက် ဖောင်ဒေးရှင်းစနစ်နဲ့သာ ခွင့်ပြုထားပြီး ရိုးရိုး ဖောင်ဒေးရှင်းနဲ့ တည်ဆောက်ဖို့ ခွင့်မပြုထားပါဘူး။ ပိုင်ဖောင်ဒေးရှင်းက ငလျင်ဒဏ်ခံနိုင်မှု ရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတွေက ပြောထား ပါတယ်။
အခုလည်း ရန်ကုန်မြို့ရဲ့ ဒုတိယမြို့လယ်ကောင် တစ်ခုအဖြစ် တည်ရှိလာတဲ့ လှည်းတန်း လိုနေရာမှာ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်သစ်တစ်ခု ဖြစ်လာမယ့် M Tower ဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ လက်ရှိတည်ဆောက်ရေး အပိုင်းကာလမှာလည်း လူငယ်တွေအတွက် အလုပ်အကိုင်အ ခွင့်အလမ်းတွေ ရရှိစေနေပါတယ်။
ငလျင်ဒဏ်ခံနိုင်မှု၊ လေပြင်းတိုက်ခတ်ဒဏ် ခံနိုင်မှု၊ အရည်အသွေးမီ တည်ဆောက်မှုဒီဇိုင်း ထူးခြားမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို မြို့တော်ရန်ကုန်မှာတော့ စီးပွားရေးလုပ်ငန်း ရှင်တွေအတွက်ရော၊ လူငယ်တွေအတွက်ပါ အကျိုးပြုနိုင်မယ့် ပထမဆုံး သံမဏိဖရိန်သုံး အထပ်မြင့် အဆောက်အအုံတစ်ခုပဲဖြစ်ပါတယ်။ ။
မြန်မာ့အလင်း