ဇင်လင်းမြင့်

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နွေရာသီရော အခု မိုးရာသီမှာပါ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ နည်းပါးတာ သတိပြုမိနေပါတယ်။ အရင်က ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား တစ်ကြိမ်ပျက်ရင် အချိန်ကြာမြင့်တတ်ပေမယ့် အခုအချိန်မှာတော့ အဲဒီအခက်အခဲတွေကို အောင်မြင်အောင် ကျော်လွှားနိုင်ရေး ကြိုးစားနေတဲ့သတင်းတွေ၊ စီမံကိန်းအကောင်အထည်ဖော်နေတာတွေ ကြားသိနေရပါတယ်။ ရန်ကုန်မြို့နေလူထုဟာ အိမ်ထောင်စုတိုင်း လျှပ်စစ်ဓာတ်အားကို အချိန်နဲ့အမျှ အားကိုးအားထား သုံးစွဲနေရတာမို့ လျှပ်စစ်ဓာတ်အား အပြည့်အဝနဲ့ အပြတ်အတောက်မရှိ ရရှိရေးကို လူတိုင်းမျှော်လင့်နေကြတာ ဖြစ်ပါတယ်။ အခုလည်း ရန်ကုန်မြို့ သာကေတမြို့နယ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးအဖြစ် သဘာဝ ဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကို အကောင်အထည်ဖော်နေတာဟာ မကြာခင်မှာ ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့ မှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာရှိတဲ့ သာကေတ ဓာတ်အားပေးစက်ရုံဝင်းအတွင်းမှာ အကောင် အထည်ဖော်နေတာ ဖြစ်ပါတယ်။ သာကေတ သဘာဝဓာတ်ငွေ့သုံးစက်ရုံ စီမံကိန်းဟာ သဘာဝဓာတ်ငွေ့ရည်မှ သဘာဝဓာတ်ငွေ့အဖြစ် ပြောင်းလဲပြီး သဘာဝဓာတ်ငွေ့အင်ဂျင်သုံးကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှာ ဖြစ်ပါတယ်။
စီမံကိန်းအကောင်အထည်ဖော်
တကယ်တော့ ဒီစီမံကိန်းကို ဆောင်ရွက် ဖို့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်ကစတင်ကာ တင်ဒါတွေ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်မှာ တင်ဒါတွေ အပြီးလက်ခံခဲ့ တာ ဖြစ်ပါတယ်။ အဲဒါ တင်ဒါလျှောက်လွှာ တွေထဲကမှ ပွင့်လင်းမြင်သာစွာနဲ့ စည်းကမ်း သတ်မှတ်ချက်တွေအတိုင်း ကိုက်ညီတဲ့ Consortium of China National Technical Import and Export Corporation, V Power Group holding ltd and V Power Group holding ltd တို့က တင်ဒါအောင်မြင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော် နေတာပဲ ဖြစ်ပါတယ်။
‘‘ဒီစီမံကိန်းကို အကောင်အထည်ဖော် တာဟာ ရန်ကုန်မြို့မှာသာမကဘဲ မြန်မာ နိုင်ငံမှာ လိုအပ်နေတဲ့ ဓာတ်အားလိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အခုလို သဘာဝဓာတ်ငွေ့ရည်မှ ဓာတ်အားထုတ်လုပ် ရေးစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်’’ လို့ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတွေက ပြောကြားထားပါ တယ်။
ဒီလို သာကေတဓာတ်အားထုတ်လုပ်ရေး စီမံကိန်းက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀ ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလော လောဆယ်မှာတော့ ပြည်ပက သယ်ဆောင်လာ တဲ့ သဘာဝဓာတ်ငွေ့ရည်ပမာဏ၊ သဘာဝ ဓာတ်ငွေ့သုံး အင်ဂျင်စက်တွေရဲ့ စွမ်းအား ကြောင့် ဓာတ်အား မဂ္ဂါဝပ် ၂၀၀ ခန့်သာ ထုတ်ယူရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်ကာလမှာ သတ်မှတ်ထားတဲ့ ဓာတ်အားအပြည့်အဝကို ရရှိနိုင်မှာဖြစ်တယ် လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန် ရှိသူတွေက ဆိုထားပါတယ်။
သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအတွက် အသုံးပြုဖို့ သဘာဝဓာတ်ငွေ့ရည်တွေ သယ်ဆောင်လာတဲ့ သင်္ဘောကလည်း ရန်ကုန် သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ M V. CNTIC V Power Globle ဖြစ်ပြီး အလျား ၁၇၆ ဒသမ ၈ မီတာ၊ ရေစူး ၈ မီတာရှိကာ စုစုပေါင်းတန်ချိန် ၃၆၀၀၀ ခန့်ရှိကြောင်း သိရ ပါတယ်။ ဒီလို သဘာဝဓာတ်ငွေ့တင်ဆောင် လာတဲ့ သင်္ဘောဆိုက်ကပ်နိုင်ဖို့ ယာယီဆိပ်ခံ အဖြစ် အသုံးပြုမယ့် Temporay Jettly ကို စင်ကာပူနိုင်ငံမှာ တည်ဆောက်ခဲ့တာဟာ အခုဆိုရင် သီလဝါဆိပ်ကမ်းမှာ အသင့် အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။
သဘာဝဓာတ်ငွေ့ဖြည့်ဆည်း
ဒီသဘာဝဓာတ်ငွေ့ရည်တွေ တင်ဆောင် လာတဲ့သင်္ဘောဟာ စုစုပေါင်းတန်ချိန် ၃၆၀၀၀ ခန့်ရှိတာမို့ အဲဒီသဘာဝဓာတ်ငွေ့ရည်တွေဟာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀ ကို ၁၄ ရက် ကြာခန့် ဓာတ်အားထုတ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် သဘာဝဓာတ်ငွေ့ရည်တင်ဆောင် လာတဲ့ သင်္ဘောကြီးတစ်စင်းကလည်း မြန်မာ နိုင်ငံကို လာရောက်နေပြီဖြစ်တာမို့ ပထမ ဆိုက်ကပ်ထားတဲ့ သင်္ဘောကို အထိုင်ထားပြီး Small LNG Tanker တွေနဲ့ လိုအပ်တဲ့ သဘာဝ ဓာတ်ငွေ့ရည်တွေကို
သယ်ယူဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။
သာကေတ သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်ယူမယ့် စီမံကိန်းဟာ အခုဆိုရင် ပိုက်လိုင်းတွေ အကုန်ပြီးသွားပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သာကေတ စက်ရုံမှာ သဘာဝဓာတ်ငွေ့ရည်မှ သဘာဝ ဓာတ်ငွေ့သို့ ပြောင်းပေးမယ့်စက်တွေဟာ လည်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မကြာမီမှာ နိုင်ငံ တော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ် ဓာတ်အားတွေ ပို့လွှတ်ပေးနိုင်တော့မှာ ဖြစ်ပါ တယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါ မှာလည်း သဘာဝဓာတ်ငွေ့မှ လျှပ်စစ် ဓာတ်အားထုတ်လုပ်မယ့် စီမံကိန်းကိုလည်း အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပါ တယ်။ ဒီစီမံကိန်းကို ဂျပန်နိုင်ငံက အမေ ရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး ဓာတ်အားထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီစီမံ ကိန်းကို သီလဝါမှာရှိတဲ့ အကွက်အမှတ် (၂၇)၊ (၂၈)၊ (၂၉) တို့မှာရှိတဲ့ မြေဧရိယာတွေပေါ်မှာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ အလုံမြို့နယ် အလုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်းမှာ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုကိုလည်း အကောင်အထည်ဖော်နေပါ တယ်။ အလုံသဘာဝဓာတ်အားပေးစက်ရုံ ကနေပြီး လျှပ်စစ်ဓာတ်အား ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ်ကို ထုတ်လုပ်ဖို့အတွက် သဘာဝ ဓာတ်ငွေ့ရည်ကို Floating Storage Rega-sitcation United နဲ့ ရန်ကုန်မြစ်ဝ သန်လျင်မှ ဆိုက်ကပ်ပြီး ပိုက်လိုင်းနဲ့ သွယ်တန်းရယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
အခု သာကေတ သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်ယူရေး စက်ရုံစီမံကိန်း အတွက်ကတော့ ၂၀၂၀ ပြည့်နှစ် ဇွန် ၁၆ ရက်မှာတော့ သဘာဝဓာတ်ငွေ့ရည်မှ သဘာဝဓာတ်ငွေ့ပြောင်းပေးနိုင်တဲ့ စက်တွေလည်း ရာနှုန်းပြည့် ပြီးသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဓာတ်ငွေ့ရည်တွေကို သာကေတ စက်ရုံအထိ သယ်ယူဖို့ ပိုက်လိုင်းတွေလည်း ပြီးစီးသွားပြီဖြစ်ပါတယ်။ မကြာခင်မှာ ရာနှုန်းပြည့် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်တော့မှာဖြစ်လို့ ရန်ကုန်အတွက်ရော မြန်မာနိုင်ငံ တစ်ဝန်းလုံးအတွက်ပါ လိုအပ်နေ တဲ့ ဓာတ်အားသုံးစွဲမှုကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။
သာကေတ သဘာဝဓာတ်ငွေ့ရည်မှ ဓာတ်အားထုတ်လုပ်မှုစီမံကိန်းဟာ မြန်မာ နိုင်ငံမှာ ပထမဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် တဲ့ စက်ရုံအဖြစ် ထွက်ပေါ်လာတာဖြစ်ပြီး ရန်ကုန်မြို့သာမက မြန်မာနိုင်ငံရဲ့ လျှပ်စစ် ကဏ္ဍသစ်တစ်ခုကို စတင်ဖွင့်လှစ်လိုက်တဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြည့်ဆည်းမှုဟာ နိုင်ငံတော်အတွက်ရော ပြည်သူတွေအတွက်ပါ စီးပွားရေး၊ လူမှုရေး၊ နေ့စဉ်လူမှုဘဝ နေထိုင် မှုအဆင့်အတန်းတွေကိုလည်း မြှင့်တင်ပေး နိုင်တာမို့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ။

မြန်မာ့အလင်း ယနေ့ရန်ကုန်