ရန်ကုန် ဇန်နဝါရီ ၁၁
ယနေ့ကျရောက်သည့် (၈၆)ကြိမ်မြောက် ကရင်နှစ် ၂၇၆၃ ခုနှစ်၏ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ပြည်ထောင်စု ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆာင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖားစည်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ကျင်း ပ ပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် (၈၆)ကြိမ်မြောက် နှစ်သစ်ကူးနေ့ အခမ်းအနားဖြစ်ကြောင်း၊ နှစ်ဟောင်းကုန်ချိန် နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာ့နိုင်ငံတို့တွင် မှီတင်းနေထိုင်ကြသော လူမျိုးအားလုံး ကျင်းပကြသည့်နည်းတူ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံအတွင်း တောင်ပေါ်မြေပြန့်မကျန် နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများ သည်လည်း နွေရာသီ၏ ကောက်သစ်စားပွဲတော် အထိမ်းအမှတ် နှစ်သစ်မင်္ဂလာနေ့မြတ် အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း၊ ကရင်အမျိုး သားနှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသား အားလုံးကို ပန်ကြားလိုသည်မှာ ကရင်မိဘဘိုးဘွားတို့၏ တစ်ခုတည်း သော အမွေအနှစ် နေ့တစ်နေ့ဖြစ်၍ ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောင်ပေးသည့် ကရင်နှစ်သစ်ကူးနေ့ကို ကမ္ဘာတည်သ၍ အရှေတည်တံ့ခိုင်မြဲအောင် နှစ်စဉ်နှစ်တိုင်း မပျက်မကွက် အမျိုးသား ရေးအနှစ်သာရပြည့်ဝစွာ ကျင်းပကြပါ။ နွားကွဲရင်ကျားဆွဲခံရ မည်ဆိုသည့်စကားကို သတိမူလျက် တိုင်းရင်းသားအားလုံးညီညွတ်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ကြမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော် ဆောင်ရာတွင် တိုင်းရင်းသားညီ အကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းဖြင့် တွေဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ ရေရှည်အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိမည့်အချက်ကို အမြဲရင်ဝယ်ပိုက်ထားကြရန် ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း အေးချမ်းသာယာတည်ငြိမ်၍ ညီညွတ်သော ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိရန် တက်ညီလက်ညီ ကြိုးပမ်းပါဝင် ဆောင်ရွက်ကြပါရန် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအား ဖြင့်နိုင်ငံတော်ကို တက်ညီလက်ညီ တည်ဆောက်ကြပါရန် ကရင်လူမျိုးတို့၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးအတွက် ညီအကိုတိုင်းရင်းသားများနှင့် အတူတကွလက်တွဲစောက်ရှောက်၍ “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး” ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ ကြိုးပမ်းတည်ဆောက်ကြပါရန် တိုက်တွန်းနှိုးဆော်ရင်း နှစ်သစ်ကူးနေ့မှ တစ်နှစ်တာ ပတ်လုံး လုပ်ငန်းတိုင်းစီးပွားရေးအဆင်ကြပြီး ဘေးဒုက္ခအပေါင်း ကင်းဝေးပါစေကြောင်း မေတ္တာပို့နိဂုံးချုပ်စကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ပဲခူးရိုးမတောင်ပေါ်ကရင်တိုင်းရင်းသားတို့၏ ကရင်ရိုးရာအိုးစည်အက ဖြင့်ဖျော်ဖြေပြီး ကရင်ရိုးရာပျားဖွတ်ပြိုင်ပွဲ၊ ကွမ်းခြံကုန်းမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးပညာရေးဒီဂရီ ကောလိပ်၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ ဖြိုးရေးဒီဂရီကောလိပ်နှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ယဉ်ကျေးမှုအဖွဲ့တို့က ကရင်ဒုံးအက၊ ကရင်ရိုးရာဝါးညှပ်အက၊ ကရင်ရိုးရာကြိုးကျစ်အက၊ ကရင်ရိုးရာဝါး ထောက်အက၊ မွန်ရိုးရာအက၊ ရခိုင်ရိုးရာအက၊ တိုင်းရင်းသားရိုးရာအက၊ စကောကရင် အနောက်ပိုးကရင် နှစ်သစ်ကူးသီချင်းတို့ဖြင့် အသီးသီးဖျော်ဖြေကြရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး မန်းသန်းဌေး က နိဂုံးချုပ်စကားပြောကြာသည်။
ကရင်နှစ်သစ်ကူးနေ့တွင် တိုင်းရင်းသားကျေးရွာ ပြည်ထောင်စုခန်းမ၌ ကရင်ရိုး ရာပျားဖွတ်ပြိုင်ပွဲ၊ ကရင် ရိုးရာတေးသီချင်းနှင့်ဒုံးအကများ၊ ပြည်ထောင်စုခန်းမအနီး ပေ ၄၀၀ ကွင်း၌ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ဘောလုံးကွင်း ဟောင်းတွင် DJအကနှင့် စတိတ်ရှိုးတို့ဖြင့် ဖျော်ဖြေခဲ့ရာ ကရင်တိုင်းရင်းသားများနှင့် အများပြည်သူတို့ဖြင့် စည်ကားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တန်ဘိုးနည်းထမင်း၊ ဟင်းများကို ရောင်းချပေးခဲ့သည့်နည်းတူတိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်သော တိုင်းဒေသကြီးကရင် နှစ်သစ်ကူး ကျင်းပရေးကော်မတီက ကရင်ရိုးရာ ထမင်း၊ ဟင်းများဖြင့် ကျွေးမွေးခဲ့သည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)