ရန်ကုန် ၈ မတ် 

(၇၁)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို သက္ကရာဇ် ၁၃၈၁ ခုနှစ် တပေါင်းလပြည့်နေ့ ကျရောက်သည့် မတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက် သာသနာ့ရိပ်သာလမ်း အမှတ် (၇၁)ရှိ တောင်ကြီးပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

42

 

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပအိုဝ်းစာပေနှင့် ယဥ်ကျေးမှုအဖွဲ့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသူ တိုင်းရင်းသားများ တက်ရောက်ကြသည်။

ပွဲတော်တွင် အခမ်းအနားဖွင့် ဖဲကြိုးဖြတ်ခြင်းနှင့် အလံတင်ခြင်း အစီအစဥ်များ အပါအဝင် ဂုဏ်ထူးဆောင်နှင့် သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိအောင်မူသော ပအိုဝ်းဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများနှင့် ဂုဏ်ပြုပူဇော်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွင်း ပညာထူးချွန် ကျောင်းသားကျောင်းသူများ၊ အားကစားထူးချွန်သူများနှင့် အနုပညာထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို အစီအစဥ်များအတိုင်း ကျင်းပသည်။

ထို့ပြင် မွန်းလွဲပိုင်းတွင် တရားနာရေစက်ချ အခမ်းအနားနှင့်အတူ အသက် (၇၅)နှစ်အထက် ပအိုဝ်းဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကိုလည်း ဆက်လက်ကျင်းပသည်။

ပွဲတော်အထိမ်းအမှတ် ဖျော်ဖြေပွဲများအဖြစ် နံနက်ပိုင်းတွင် ပအိုဝ်းလူငယ်မောင်မယ်များက ရိုးရာယဥ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေပြီး ညပိုင်းတွင် ဖိတ်ကြားထားသည့် ပအိုဝ်းအဆိုတော်များနှင့် ရန်ကုန်မြို့ရှိ ပအိုဝ်းလူငယ်မောင်မယ် ကျောင်းသားကျောင်းသူများက ခေတ်ပေါ်တေးဂီတ အဆိုအကများဖြင့် ကပြဖျော်ဖြေကြောင်း၊ ရန်ကုန်မြို့တွင် ပအိုဝ်းအမျိုးသားနေ့ကို (၈)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ပအိုဝ်းစာပေသမိုင်းများအရ ပအိုဝ်းနွယ်ဖွား သူရိယစန္ဒာမင်းကြီး၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ၁၉၄၇ ခုနှစ်တွင် မွန်ပြည်နယ် သထုံမြို့၌ စတင်ကျင်းပခဲ့ရာမှ ယခုအခါ ပအိုဝ်းလူမျိုးများ အများစုအခြေစိုက်ရာဒေသ အနှံ့အပြားတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး