ရန်ကုန် နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့်နှင့်အမျှ မြို့တွင်းခရီးသွားလာမှုမှာလည်း ယခင်ထက် ပိုမိုများပြားလာခဲ့ပြီဖြစ်ရာ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအား ယခင်ကထက် တိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
“ယခင်ကထက် ယာဉ်လိုင်းတွေ တိုးမြှင့်ပြီး ယာဉ်အစီးရေ များများနဲ့ နေ့စဉ်နံနက် ၅ နာရီကနေ ည ၇ နာရီလောက်အထိ ပုံမှန်ပြေးဆွဲပေးလျက်ရှိပါတယ်။ ယာဉ်စီးခ ပိုမိုကောက်ခံတယ်ဆိုတဲ့ ယာဉ်တွေကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အရေးယူဆောင်ရွက်တဲ့အခါမှာလည်း ယခင်က ယာဉ်စီးခ ပိုမိုကောက်ခံတယ်ဆိုရင် ယာဉ်မောင်းကို ဒဏ်ကြေးသုံးသောင်းကျပ်နှင့် ယာဉ်မောင်းနှင်ခွင့် တစ်လပိတ်ပါ တယ်။ ယခုအခါမှာတော့ ယာဉ်စီးခ ပိုမိုကောက်ခံတယ်ဆိုတဲ့ကိစ္စက တော်တော်လေးကို များလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဥပဒေနှင့်အညီ ခရီးစဉ်မှတ်တမ်းမပါတဲ့ ယာဉ်တွေဆိုရင် CNG သုံးလ ပိတ်ပါတယ်။ စပယ်ယာတင်တဲ့ ယာဉ်တွေဆိုရင် CNG ခြောက်လ ပိတ်ပါတယ်။ နောက်တစ်ခုက ယာဉ်စီးခ ၅၀၀ ကျပ် အထက် ကောက်ခံတဲ့ယာဉ်တွေဆိုရင် CNG ခြောက်လ ပိတ်ပါတယ်။ ပြီးတော့ ယာဉ်စီးခ ၅၀၀ ကျပ် အထက်လည်း ကောက်ခံတယ်၊ စပယ်ယာလည်း တင်တယ် ဆိုရင်တော့ CNG တစ်နှစ်ပိတ်ပါတယ်၊ လုပ်ငန်းလိုင်စင်လည်း တစ်နှစ်ပိတ်ပြီးတော့ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နေတဲ့အတွက် ယာဉ်စီးခ ပိုမိုကောက်ခံမှုတွေ လျော့နည်းလာလိမ့်မယ်ဆိုတာ ယုံကြည်မိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပြသည်။
“ဒါ့အပြင် YBS ယာဉ်တွေအနေနဲ့ CNG လုံလောက်စွာ ရရှိဖို့အတွက် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ဆက်သွယ်ညှိနှိုင်းမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။
ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲမှုအနေနဲ့ ယခင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခင် ကာလက ယာဉ်လိုင်း ၁၀၂ လိုင်းရှိပြီး ယာဉ်အစီးရေ ၄၀၀၀ ခန့်ဖြင့် နေ့စဉ် မြို့တွင်းခရီးသွားပြည်သူ နှစ်သန်းခန့်အား ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည့် ကာလ၌ ယာဉ်လိုင်း ၅၀ ကျော်ရှိပြီး ယာဉ်အစီးရေ ၁၀၀၀ ခန့်ဖြင့် မြို့တွင်းခရီးသွားပြည်သူ တစ်သိန်းခန့်အား နေ့စဉ် ပြေးဆွဲပို့ဆောင်ပေးနိုင်ခဲ့ရာမှ ယခုအခါ YBS ယာဉ်လိုင်း ၉၇ လိုင်းမှ ယာဉ်အစီးရေ ၂၆၀၀ ခန့်ဖြင့် ခရီးသွား ပြည်သူ ငါးသိန်းခန့်အထိ နေ့စဉ် တိုးမြှင့်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


