ရန်ကုန် ၉ ဇန်နဝါရီ

 

ရန်ကုန်မြို့၌ ကန်သာယာစင်တာနှင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်သာယာစင်တာ ပရဝဏ်အတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ကန်သာယာစင်တာနှင့် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့် Wyndham Grand Yangon Hotel တို့ကို ဖဲကြိုးဖြတ်၍လည်းကောင်း၊ စက်ခလုတ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးခဲ့ကြသည်။

 

မျက်ဝါးထင်ထင်တွေ့မြင်

 

ကန်သာယာစင်တာကို ဖွင့်လှစ်နိုင်တဲ့အတွက်ကြောင့် ရန်ကုန်မြို့ရဲ့ စီးပွားရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမယ့်သူတွေ၊ ဒီစင်တာမှာ နေထိုင်မယ့်သူတွေ၊ အဲဒီမှာ ရုံးလုပ်ငန်းဆောင်ရွက်ကြမယ့်သူတွေအတွက် အခွင့်အလမ်းတွေ အများကြီးရရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အင်မတန် အရေးကြီးပါတယ်။ ပုဂ္ဂလိကကဏ္ဍရဲ့ စနစ်တကျ လုပ်ငန်းလည်ပတ်မှုတွေ လုပ်ဆောင်နိုင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အစိုးရပိုင်းကပဲ ရင်းနှီးစိုက်ထုတ် လုပ်ကိုင်နေမယ်ဆိုရင် မြို့ပြဖွံ့ဖြိုးတိုးတက်မှုက နောက်ကျ ကျန်နေမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ဘတ်ဂျက်တစ်ခုတည်းနဲ့ မြို့ပြဖွံ့ဖြိုးမှုကိုဆောင်ရွက်ရာမှာ အခက်အခဲတွေရှိနိုင်ပါတယ်။

 

“၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ် အခါသမယမှာ ကန်သာယာ စင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် မြန်မာ နှစ်သစ်ကူးမှာလည်း ကန်တော်ကြီးထဲက ငါးပြတိုက်ကို ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ နိုင်ငံတကာအဆင့်မီ ငါးပြတိုက်အဖြစ် လုပ်ဆောင်နေတာပါ။ ဒါကြောင့် ကန်တော်ကြီးကို ဘက်စုံဖွံ့ဖြိုးတိုး တက်အောင်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ နောက်ပြီး ကန်တော်ကြီးထဲက လမ်းတွေ၊ တံတားတွေကိုလည်း အဆင့်မြှင့်တင်သွားမှာဖြစ်ပါတယ်။ အခု ကန်သာယာစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်လို့ ငါးပြတိုက်နဲ့ ကျန်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားမယ်ဆိုရင် ကန်တော် ကြီးဝန်းကျင်ဟာ အများပြည်သူအတွက် အပန်းဖြေအနားယူစရာ၊ နိုင်ငံတကာက လာရောက်မယ့် သူတွေအတွက် တည်းခိုစရာ၊ ဈေးဝယ်နိုင်စရာနေရာတွေ ပြည့်စုံပြီး မြို့ပြဖွံ့ဖြိုးမှု အမှတ်သင်္ကတေတွေကို မြင်တွေ့နိုင်မယ့်နေရာတစ်ခု ဖြစ်လာမှာပါ။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဝိုင်းဝန်းကူညီလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ပထမဦးဆုံး Steel Structure ဖြင့် ဆောက်လုပ်ထားသည့် ကန်သာယာတာဝါ အဆင့်မြင့် စီမံကိန်းကို မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့် (သိမ်ဖြူယာဉ်မောင်းသင်တန်း ကျောင်းနေရာ) ရှိ မြေဧရိယာ အကျယ်အဝန်း ၃ ဒသမ ၅၂ ဧကပေါ်၌ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Asia Myanmar Consortium Development ကုမ္ပဏီလီမိတက်တို့က ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ၏ နည်းပညာဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၅၀ အကုန်အကျခံ အကျိုးတူ ပူးပေါင်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ထည့်သွင်းဆောက်လုပ်ထားသည့် စီမံကိန်းဧရိယာအတွင်း လူနေတိုက်ခန်း ၁၃၂ ခန်းပါဝင်သော Residential Tower၊ ၂၂ ထပ်ရှိ ရုံးခန်း ၁၆၈ ခန်းပါဝင်သော OfficeTower၊ အထပ် ၂၀ ရှိ အခန်းပေါင်း ၃၀ဝ ပါဝင်သော Five Star Wyndham Grand Yangon Hotel၊ ၂၃ ထပ်ရှိ အခန်းပေါင်း ၁၇၁ ခန်း ပါဝင်သည့် Serviced Apartment နှင့် မြေညီထပ်တွင် နှစ်ထပ်ဆောက်လုပ်ထားသော Shopping Mall အပါအဝင် နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ရုံ ငါးရုံနှင့် ဈေးဆိုင်ခန်းများ ထည့်သွင်းဆောက်လုပ်ထားကာ မော်တော်ယာဉ် ၅၅၉ စီး ရပ်နားနိုင်သော ကားပါကင်နှင့် အရေးပေါ် မီးသတ်စနစ်အတွက် ဓာတ်လှေကားများ ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။

 

“ဟိုတယ်မှာ လူဦးရေ ၅၀ဝ ကျော် အလုပ်အကိုင် အခွင့်အလမ်း ရရှိကြမှာဖြစ်ပြီး ရုံးခန်းအပါအဝင် တခြား အဆောက်အအုံတွေပါဆိုရင် လူဦးရေတစ်ထောင်ကျော်လောက် အလုပ်အကိုင်ရရှိကြမှာ ဖြစ်ပါတယ်။ ခုဆိုရင် ဟိုတယ်မှာ မြို့နယ်အသီးသီးက လူဦးရေ ၅၀ဝ ကျော်ကို အလုပ်ခန့်ပြီးပါပြီ။ ပြီးတော့ အလုပ်ကိစ္စဖြစ်ဖြစ်၊ အလည်အပတ်ဖြစ်ဖြစ် ပြည်ပကလာရောက်ကြမယ့် နိုင်ငံခြားသားတွေလည်း အဆင်ပြေစွာ တည်းခိုနိုင်မှာဖြစ်ပါတယ်” ဟု စီမံကိန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ခိုင်က ပြောသည်။

 

ကန်သာယာတာဝါ အဆင့်မြင့်စီမံကိန်း တည်ဆောက်ရန်အတွက် ၂၀၁၃ ခုနှစ် မေ ၁၁ ရက်တွင် Asia Myanmar Consortium Development ကုမ္ပဏီ လီမိတက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူ ပူးပေါင်းတည်ဆောက်ရန် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် ဒီဇင်ဘာလတွင် စီမံကိန်းမြေ တူးဖော်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းအတွင်းရှိ ဟိုတယ်အပါအဝင် ရုံးခန်းများနှင့် လူနေတိုက်ခန်းများအား စီမံခန့်ခွဲမှုအပိုင်းကို နိုင်ငံအသီးသီးတွင် ဟိုတယ်အလုံးရေ ၇၀ဝဝ ကျော်၊ အခန်း ပေါင်း ၅၀ဝဝဝ ကျော်ပိုင်ဆိုင်သော အမေရိကန်နိုင်ငံရှိ American Wyndham Hotel And Resorts ကုမ္ပဏီက စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ-ရာမည၊ ပွင့်သစ္စာ