အာကာစိုး

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် မော်တော်ကားလေလံပွဲကြီးကို မတ်၂၄ ရက်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမိုးလုံလေလုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း မတ် ၁၇ ရက်က အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ၏ပထမဆုံး ပုဂ္ဂလိကလေလံ ဝန်ဆောင်မှုကုမ္ပဏီ Myanmar Auction Company Limited (MAC) မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။

လေလံရောင်းချခွင့်ရှိ

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံတကာလို ရောင်းသူနဲ့ ဝယ်သူကြားမှာ စနစ်တကျ တည်ဆောက်ပေးမယ်။ ရောင်းသူဝယ်သူအတွက် ဈေးနှုန်း၊ ပစ္စည်းမှန်ကန်မှုရဖို့ တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ပြင်ရောင်းသူ ဝယ်သူ မနစ်နာစေဖို့လည်း ကြားခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ကားအမျိုးအစားက လက်ရှိမှာ စာရင်းပြုစုထားပြီး မည်သည့်ကားအမျိုးအစားဆိုတာ ကန့်သတ်ထားတာ မရှိပါဘူး။ ဥပမာ ဂျပန်၊ ယူရို၊ တရုတ်၊ အီတလီအစရှိတဲ့ ထုတ်လုပ်တာတွေ ရှိမယ်။ ဘယ်ကပဲထုတ်လုပ်ပါစေ လာရောက်ပြီး လေလံရောင်းချခွင့်ရှိမယ်။ ဝယ်တဲ့သူကလည်း ရောင်းချတဲ့ပစ္စည်းကိုကြည့်ပြီး ဝယ်ယူခွင့်ရှိမယ်။ ဘယ်ကားအမျိုးအစားမဆို ကန့်သတ်ထားတာ မရှိဘူး” ဟု မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကလေလံ ဝန်ဆောင်မှုကုမ္ပဏီမှ ဒါရိုက်တာ ဦးဇင်မောင်မောင် က ပြောသည်။

လေလံစနစ်ကြီး အောင်မြင်စေရေး

MAC  ၏ ရည်မှန်းချက်မှာ ပြည်သူပြည်သားများ၏ ရောင်းချဝယ်ယူလိုသော ပစ္စည်းများကို နည်းစနစ်မှန်ကန်စွာဖြင့် ပွင့်လင်းမြင်သာသော ဈေးကွက်ဖြစ်လာစေရေး၊ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော လေလံဈေးကွက် စနစ်တကျ ဖြစ်ထွန်းအောင်မြင်စေရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော လေလံစနစ်ကြီး မြန်မာနိုင်ငံတွင် နည်းစနစ်မှန်မှန်ဖြင့် ဖြစ်ထွန်းအ ောင်မြင်စေရေးတို့ဖြစ်ကြောင်း သိရသည်။

အပတ်စဉ်၊ လစဉ်ပြုလုပ်မည်

ယင်းကုမ္ပဏီမှ လေလံဝန်ဆောင်မှုငါးမျိုး ဖြစ်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ယ္တရားကြီးများ၊ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းများ၊ ရှေးဟောင်းပစ္စည်းများ လေလံဝန်ဆောင်မှု လုပ်ငန်းများကို အပတ်စဉ်၊ လစဉ်ပြုလုပ်သွားမည် ဖြစ်ပြီး မော်တော်ယာဉ်လေလံပွဲကြီးကိုမတ် ၂၄ ရက် တစ်ရက်တည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်း

mdn