ရန်ကုန် ၂၈ ဒီဇင်ဘာ
ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပါဝင်ပူးပေါင်းကြီးကြပ်မှု၊ မြန်မာနိုင်ငံ ကိုယ်ပိုင်ကျောင်းများ အသင်းချုပ်၊ အပြည်ပြည်ဆိုင်ရာ ကိုယ်ပိုင်ကျောင်းများအသင်းနှင့် နေအုပ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပမည့် ပထမဆုံးအကြိမ် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် မြန်မာကျောင်းသားများပွဲတော် (Students Festival Myanmar 2020) ကို ဇန်နဝါရီ ၁၂ ရက်တွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်း ILBC Assembly Hall ၌ ကျင်းပသည့် စာနယ်ဇင်ရှင်းလင်းပွဲမှ သိရသည်။
"ကျွန်တော်တို့ ကျောင်းသားကျောင်းသူတွေကို သင်ကြားမှု လုပ်ငန်းတွေမှာ အဓိကကျတဲ့ ပြဿနာ ဖြေရှင်းနိုင်မည့်စွမ်းရည်များ၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်များ၊ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များ၊ ဆက်သွယ်ဆောင်ရွက်မှု စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ အင်တာနေရှင်နယ်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူများအချင်းချင်း တစ်နေရာတည်းမှာ တွေ့ဆုံပြီး ပညာရေးနှင့် ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေကို ပူးပေါင်းလုပ်ဆောင်တတ်စေရန် ရည်ရွယ်ချက်နဲ့ကျင်းပမှာ ဖြစ်ပါတယ်ဟု" ဆရာဦးနေအုပ်(စိန်ပေါလ်)က ပြောသည်။
အဆိုပါပွဲတော်၌ သတ္တမတန်း၊ အဌမတန်းနှင့် နဝမတန်း ပညာဆည်းပူးနေကြသည့် စာသင်ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ တစ်ထောင် ပါဝင်ဆင်နွှဲပြမည်ဖြစ်ကြောင်း၊ ကျောင်းတစ်ကျောင်းလျှင် ကျောင်းသားကျောင်းသူဦးရေ ၂၅၀ ဦးရေနှုန်းဖြင့် ခွဲထုတ်၍ ၂၀ဝ ဦးစီ ပါဝင်သော ဇုန်ငါးဇုန်ခွဲကာ ဆရာ၊ ဆရာမများမှ အာဆီယံဇုန်များအပါအဝင်၊ အာဆီယံနိုင်ငံများ၏ သိသင့်သိထိုက်သော အကြောင်းအရာများကို ရှင်းပြခြင်း၊ ပန်းဖလက်များ အကြောင်းအရာများကို ရှင်းပြခြင်း၊ ပန်းဖလက်များဝေငှခြင်း၊ ပဟေဠိများ၊ မေးခွန်းများအတွက် အမေးအဖြေမှန် ပြောဆိုနိုင်သူများကို ဆုများပေးအပ်ချီးမြှင့်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သိပ္ပံနှင့်ပတ်သက်သည့် စက်ရုပ်များပြုလုပ်ခြင်း၊ ဓာတ်ငွေ့ထုတ်ခြင်း၊ မြန်မာ့ရိုးရာအစားအစာများကို ပြုလုပ်၍ အတူတကွ စားသောက်ကြခြင်းနှင့် ကစားစရာဇုန်များ ပါဝင်မည်ဖြစ်ပြီး ကိုယ်ပိုင်တီထွင်ပြုလုပ်ရမည့် လက်မှုပညာများ ပါဝင်မည်ဖြစ်ကာ ဆုများပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်ကြီးကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပါဝင်ဆင်နွှဲခွင့်ရရှိနိုင်ရန် ဒီဇင်ဘာ ၇ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- အေကေလင်း