ရန်ကုန် ၁၆   ဒီဇင်ဘာ 

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်များမှ ကြီးမှူး၍ တတိယအကြိမ် ကျင်းပသည့်  ''ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်'' ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။ 

ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဆရာ ဦးပက်ထရစ်လူနီက “ ခရစ္စမတ်ပွဲတော်ကို တစ်ကမ္ဘာလုံးမှာ ကျင်းပကြတယ်။ ခရစ်ယာန်တွေရဲ့ ပွဲတော်ဖြစ်သော်လည်း လူတိုင်းအတွက် ဖြစ်တယ်လို့ ခံယူတဲ့အတွက် မည်သူမဆို ပါဝင်ဆင်နွှဲလို့ရပါတယ်။ အကျွေးအမွေးတွေကိုလည်း လာရောက် သုံးဆောင်နိုင်ပါတယ်။ အားလုံးကို ဖိတ်ခေါ်ပါတယ်။ သန့်ရှင်းသော တြိနတိဘုရား ကျောင်းနဲ့ စိန့်မေရီကာသီဒြယ် ဘုရားကျောင်း နှစ်ခုကလည်း ဖွင့်ထားတဲ့အတွက် မနှစ်ကဆိုရင် ဘာသာဝင်မဟုတ်တဲ့ သူတွေလည်း လာရောက်လေ့လာကြတယ်။ ခရစ္စမတ်ပွဲကို ပါဝင်ဆင်နွှဲကြတယ်။ ခရစ်ယာန် အဆိုတော်တွေတင်မကပဲ တစ်ခြား အဆိုတော်တွေလည်း စတိတ်စင်တွေမှာ လာရောက် ဖျော်ဖြေကြပါတယ်။ ဒီပွဲက ဘာသာလူမျိုးမရွေးပါဘူး’’ ဟု ပြောသည်။

အဆိုပါ ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် အတွက် ခရစ္စမတ်ပွဲတော်ကျင်းပရေး ဖျော်ဖြေရေးစင်မြင့်များကို  ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့်တွင်လည်းကောင်း၊  ဗိုလ်ချုပ်အောင်ဆန်း လမ်းမ ပေါ်ရှိ  Central ဟိုတယ်နှင့် မျက်နှာချင်းဆိုင်တွင် လည်းကောင်း၊  ဆာကူရာတာဝါနှင့် ဝဇီရာ ရုပ်ရှင်ရုံရှေ့တွင်လည်းကောင်း၊  Ruby Mart အရှေ့တွင် လည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်းထောင့်ရှိ စိန့်မေရီကာသီဒြယ် ဘုရားရှိခိုး ကျောင်းရှေ့တွင် လည်းကောင်း၊ ဆူးလေ ဘုရားလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ ဧမာနွေလ ဘုရားကျောင်း ရှေ့တွင် လည်းကောင်း၊ သခင်မြပန်းခြံနှင့် အင်းစိန် စော်ဘွားကြီး ကုန်းပန်းခြံနေရာ အစရှိသည့်  ရန်ကုန်မြို့၏ အထင်ကရ နေရာများတွင် ဖျော်ဖြေရေး စင်မြင့် (၈)ခုကို တည်ဆောက်သွား မည်ဖြစ်သည်။ 

ထို့အတူ ခရစ္စမတ်ပွဲတော်ကျင်းပရာနေရာနှင့် လမ်းတစ်လျောက်ရှိ သစ်ပင် များတွင်  ရောင်စုံအလှမီးများ ထွန်းညှိသွားမည်ဖြစ်ပြီး   စတုဒီသာ ကျွေးမွေး ဧည့်ခံ ခြင်း၊ ပျော်ရွှင်ဝမ်းမြောက်ဖွယ်ရာ ခရစ္စမတ်သီချင်းများ သီဆိုဖျော် ဖြေခြင်း၊ ၊ဘင်ခရာနှင့် ပန်းပွား အကအလှများ၊  ယိမ်းအကများ၊  ခရစ်ယာန် ဘာသာ ဝင်များနှင့် နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် ပွဲတော်သုံးရက်တာကာလအတွင်း ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ   ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။ 

 

a

 

ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲကျင်းပရေးဗဟိုကော်မတီဝင် ဦးစောချစ်မျိုး က “ ခရစ် စမတ်ပွဲတော်ကတော့ မြန်မာတစ်နိုင်ငံလုံး ဘုရားကျောင်းတွေ အသင်းအဖွဲ့တွေ ခရစ်ယာန်တွေရှိတဲ့ အစုအဝေး တော်တော်များများမှာ ပွဲတော်ကျင်းပ ကြပါတယ်။ ရန်ကုန်မြို့မှာတော့ ရန်ကုန်စီးတီးခရစ်စမတ်ဆိုပြီး ကျင်းပတာ ဒီနှစ်နဲ့ဆို တတိယ အကြိမ် ကျင်းပတာပါ “ ဟု ပြောသည်။ 

ရန်ကုန်မြို့ပြခရစ္စမတ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် ညနေ ၆ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သန့်ရှင်းသော တြိနတိဘုရားကျောင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် ည ပိုင်းတွင် ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ- ဇော်မင်းလတ်)