အာကာဟိန်း
မော်တော်ယာဉ် အစီးရေ များပြားရာ နေ့စဉ်အသုံးပြု မောင်းနှင်သွားလာနေတဲ့ ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့အတူ မော်တော် ယာဉ်တွေရပ်နားဖို့အတွက် ကားပါကင်အခက်အခဲနဲ့လည်း ကြုံတွေ့နေရပါတယ်။ အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့က ပုဂ္ဂလိကကုမ္ပဏီတွေကို တင်ဒါခေါ်ယူစိစစ်ရွေးချယ်ပြီး ရန်ကုန်မြို့မှာ စမတ်ကားပါကင်တွေဖော်ဆောင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ စမတ်ကားပါကင်တွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် တင်ဒါခေါ်ယူခဲ့ရာမှာ မတ် ၅ ရက်က တင်ဒါဖောင်သွင်းထားတဲ့ အဆိုပြုလွှာတွေကို ဖွင့်ဖောက်စိစစ်ရွေးချယ်ကာ လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ဘဏ္ဍာရေးအခြေအနေတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စမတ်ကားပါကင်တွေ တည်ဆောက်ဖို့အတွက် ဂျပန်၊ တရုတ်၊ အစ္စရေး၊ စင်ကာပူစတဲ့ ပြည်ပကုမ္ပဏီတွေက စိတ်ဝင်စားနေသလို ပြည်တွင်းကုမ္ပဏီတွေကလည်း ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ ဒါကြောင့်လည်း ရန်ကုန်မြို့မှာ မော်တော်ကားပါကင်တွေ အကောင်အထည်ပေါ်လာဖို့ဟာ မကြာမီကာလအတွင်း ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ စမတ်ကားပါကင်တွေ တည်ဆောက်ဖို့ တင်ဒါရွေးချယ်ရေးကော်မတီမှာ အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျွမ်းကျင်သူတွေ ပါဝင် တာမို့ ခေတ်မီစမတ်ကားပါကင် တည်ဆောက်ရေးအတွက် တင်ဒါတင်သွင်းထားတဲ့ အဆိုပြုလွှာရှင် ကုမ္ပဏီတွေကို စနစ်တကျရွေးချယ်ကာ အကောင်အထည်ဖော်စေမှာ ဖြစ်ပါတယ်။
မတ် ၁၂ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမ (၄) မှာ Shin Watahan Co., Ltd မှ တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံပြီး ရန်ကုန်မြို့မှာ လိုအပ်နေတဲ့ ကားပါကင်အခက်အခဲကို ခေတ်မီစမတ်ကားပါကင်များဖြင့် ပြောင်းလဲ အသုံးပြုနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာလည်း ကားပါကင်အခက်အခဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အလေးထားဆောင်ရွက် နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။
ရန်ကုန်မြို့မှာ စမတ်ကားပါကင်တွေ အကောင်အထည်ဖော်ဖို့အတွက် ကနဦးအနေနဲ့ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်တဲ့ ကျောက် တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ်တွေကို စတင် ဆောင်ရွက်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲဒီမြို့တွင်း ခြောက်မြို့နယ်မှာ အကောင်အထည် ဖော်ပြီးရင်တော့ ကားပါကင်အခက်အခဲ အများ ဆုံးဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့ရဲ့ အခြားမြို့နယ်တွေကို အစီအစဉ်အတိုင်း ဆက်လက်အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ မော်တော်ယာဉ်အစီးရေ များပြားလာတာမို့ ကားပါကင်အခက်အခဲဖြေရှင်းရန် ပုဂ္ဂလိကကုမ္ပဏီများနဲ့ ပူးပေါင်းပြီး စမတ်ကား ပါကင်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ် နေတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ၂၀၁၈ ခုနှစ်နိုဝင်ဘာ ၃၀ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့မှာ ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါကလည်း ရန်ကုန် မြို့မှာ စမတ်ကားပါကင်တွေ အကောင်အထည်ဖော်ဖို့ တာဝန်ရှိသူတွေဟာ မမေ့မလျော့စီစဉ်ဆောင် ရွက်ခဲ့ကြတယ်ဆိုတာ ဖော်ပြနေပါတယ်။
ရန်ကုန်မြို့မှာ ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ ရက် အထိ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်အစီးရေ ဟာ ၂၁၄၆၄၉ စီး ရှိနေပေမယ့် ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်မှာတော့ ရန်ကုန်မြို့မှာ မှတ်ပုံ တင်ထားတဲ့ မော်တော်ယာဉ်အစီးရေဟာ ၅၂၉၄၇၃ စီးခန့် ရှိနေ ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရန်ကုန်မြို့မှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်အစီးရေဟာ ၅၃၀ဝ၀ဝ ကျော်ရှိနေ ပြီဖြစ်တာမို့ အဲဒီကားတွေ ရပ်နားဖို့ ကားပါကင်တွေဟာ မလွဲမသွေဖြေရှင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ စမတ်ကား ပါကင်တွေ ဖော်ဆောင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာဆိုရင် အဓိကကားလမ်းမတွေရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ မော်တော်ယာဉ်တွေ ရပ်ထားတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေသလို အတွင်းလမ်းတွေထဲမှာလည်း မော်တော်ယာဉ်တွေရပ်နားထားမှု များပြား နေတာကြောင့် ပြည်သူတွေ သွားလာရေး အခက်အခဲဖြစ်နေရသလို မော်တော်ယာဉ် မောင်းနှင်သွားလာမှုမှာလည်း ကျပ်တည်း ကျဉ်းမြောင်းကာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လေ့ရှိနေပါတယ်။ ဒါ့အပြင် မြို့တွင်း ခြောက်မြို့နယ်မှာ ကားပါကင်နေရာလုမှုကြောင့် အသက်ဆုံးရှုံးရတဲ့အထိ ပြဿနာတွေဆိုးကျိုးတွေ ဖြစ်ပေါ်နေတာမို့ စမတ်ကားပါကင်တွေအကောင် အထည်ဖော်နိုင်ရေး တာဝန်ရှိသူတွေက ကြိုးစားနေခြင်းဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ မော်တော်ယာဉ်မရပ်နားရ စည်ပင်လမ်းပေါင်း ၁၄၄ လမ်း သတ်မှတ်ထားပါ တယ်။ အဲဒီလမ်းမတွေပေါ်မှာ မော်တော်ယာဉ် တွေရပ်နားရင် ကရိန်းဖြင့်ဆွဲကာ ပြစ်ဒဏ်ကျခံစေပေမယ့် မော်တော်ယာဉ်တွေကတော့ ရပ်နားနေဆဲဖြစ်ပါတယ်။ ကားရပ်နားဖို့ နေရာ အခက်အခဲကြောင့်ဖြစ်စေ၊ စည်းကမ်း မလိုက်နာမှုကြောင့်ဖြစ်စေ ကားမရပ်ရ လမ်းဘေး ဝဲယာတွေပေါ်မှာ ရပ်နားနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ အများပြည်သူလမ်းနယ်နိမိတ်တွေမှာ ယာဉ်အိုယာဉ်ဟောင်းနဲ့ ပျက်စီးယာဉ်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က စတင် ကာနောက်ဆုံးထား ဖယ်ရှားရမယ်လို့ ထုတ်ပြန် ထားပေမယ့် အချို့ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်ရပ်နားဖို့ အခက်အခဲကို ဖြေရှင်းရင်း စည်းကမ်းနဲ့ စနစ်တကျရပ်နားနိုင်ဖို့ စမတ်ကား ပါကင်တွေကို ဖော်ဆောင်နိုင်ရေးဟာ မော်တော် ယာဉ်အစီးရေများပြားတဲ့ ရန်ကုန်မြို့အတွက် လိုအပ်ချက်တစ်ရပ်အဖြစ် တွန်းအားပေးဆောင် ရွက်နေတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။
အခုလောလောဆယ် ကနဦးဖော်ဆောင်မယ့် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နဲ့ စမတ်ကား ပါကင်တွေဟာ အသုံးပြုမယ့်သူတွေအတွက် အစစအရာရာ အဆင်ပြေလွယ်ကူမယ်ဆိုရင်တော့ စီးပွားရေးမြို့တော်အင်္ဂါရပ်နဲ့အညီ စနစ်ကျသပ်ရပ်တဲ့ စမတ်ကားပါကင်တွေကို ပြည်သူတွေ ကြိုဆိုကြမှာ အမှန်ပင် ဖြစ်ပါကြောင်း။
မြန်မာ့အလင်း
