ရန်ကုန် ၂၃ စက်တင်ဘာ

မေခဆောင်ဖောင်ဒေးရှင်းမှ ကြီးမှူး၍  Water Economic Forum အခမ်းအနားကို စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီက လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI မင်္ဂလာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မေခဆောင်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြင့်နိ်ုင်က ဖိ်ုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ ယင်းနောက် စီးပွားရေးပညာရှင် ဒေါက်တာသိန်းဆွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွဲ့နိုင်ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်တို့က ရေ၏တန်ဖိုးနှင့် ရန်ကုန်မြို့နေပြည်သူများအတွက် ရေပေးဝေနေသည့် စနစ်များနှင့် အနာဂတ်ရေ ရရှိရေးအတွက် လုပ်ငန်းစီမံချက်တို့ကို ရှင်းလင်းပြောကြားသည်။

ဖိုရမ်တွင် ရှင်းလင်းဆွေးနွေးချက်အရ ကမ္ဘာမြေတွင် ရေထု ၇၀ ရာခိုင်နှုန်းနှင့် မြေထု ၃၀ ရာခိုင်နှုန်းတို့ဖြင့်ဖွွဲ့စည်းထားကြောင်း၊ ရေထု၏ အများစုမှာ ရေငံများဖြစ်ပြီး ရေချိုရေသန့်မှာ ၃ ရာခိုင်နှုန်းသာရှိသည်။ ဝင်ရိုးစွန်းဒေသနှင့် မြေအောက်ရှိ ရေသန့်များကို ၁ရာခိုင်နှုန်းသာ ထုတ်ယူသုံးစွဲနိုင်ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ ၁၀ ဘီလီယံသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားရာ ၁ ဘီလီယံမှာ သောက်သုံးရေအတွက် အခက်အခဲတွေ့နိုင်သည်ဟု သိရှိရသည်။ နိုင်ငံတကာတွင် ရရှိသည့် ရေခွန်ရေခမှာ ထုတ်လုပ်မှုစရိတ်နှင့် မကာမိကြောင်း၊ ရေချိုရေသန့်ရရှိရေးအတွက် အများပြည်သူ၊ ပုဂ္ဂလိကများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရသည်။

၁၈၄၂ ခုနှစ်တွင် ရန်ကုန်လူဦးရေ၏ သောင်းဂဏန်းကို ရေစတင်ပေးဝေခဲ့ပြီး ၁၈၇၉ ခုနှစ်တွင် ကန်တော်ကြီး၊ ၁၈၈၄ ခုနှစ်တွင် အင်းလျားကန်တို့ကို တူးဖော်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် လှော်ကားရေလှာင်ကန်၊ ၁၉၄၀ ခုနှစ်တွင် ဂျိုးဖြူကန်၊ ၁၉၈၉ ခုနှစ်တွင် ဖူးကြီးရေပေးဝေရေးလုပ်ငန်း တို့ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀ဝ၅ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ငမိုးရိပ်ရေလှောင်ကန်မှ ရေပေးဝေနိုင်ခဲ့သည်။ ရန်ကုန်မြို့နေပြည်သူများအတွက် တစ်နေ့လျှင် ရေဂါလန် ၂၀၅ သန်း ပေးဝေလျက်ရှိရာ ၉၀ ရာခိုင်နှုန်းမှာ ရေလှောင်ကန်များမှ ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းမှာ အဝီစိတွင်းများမှ ဖြစ်သည်။ တစ်နေ့လျှင် ၁၃နာရီ ရေပေးဝေလျက်ရှိသည်။

ရေဖိုးရေခပေးဆောင်ရာတွင် မန္တလေးမြို့တွင် တစ်ယူနစ် ၂၀ဝ ကျပ်၊ နေပြည်တော်တွင် ၁၁၀ ကျပ်ရှိပြီး ရန်ကုန်မြို့တွင် တစ်ယူနစ် ၈၈ ကျပ်သာရှိသည်။ အာဆီယံနိ်ုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ ရေဖိုးရေခပေးဆောင်ရမှုမှာ အနည်းဆုံးဖြစ်ကြောင်း သိရှိရသည်။

ရေဆုံးရှုံးမှုမရှိစေရေးအတွက် ရေယိုစိမ့်မှုမရှိစေရေး၊ မော်တော်ယာဉ်ရေဆေးခြင်း၊ ရေပန်းအောက်၌ ရေချိုးခြင်းတို့သည် ရေဆုံးရှုံးရမှုဖြစ်သည်။ ဒူဘိုင်းနိ်ုင်ငံတွင် အဟောသိကံရေ သုံးစွဲခြင်းတို့အတွက် ဒဏ်ငွေပေးဆောင်စေရာ ၂၀၁၂ ခုနှစ်တွင် ၄၉၁ မှုရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၃၇၈ မှု အထိကျဆင်းသွားသည်။

ရန်ကုန်မြို့နေပြည်သူများ ရေသုံးစွဲမှု ဖူလုံစွာရရှိစေရေးအတွက် ကုက္ကိုဝနှင့် တိုးမြစ်တို့တွင် ရေထုတ်ယူရရှိနိုင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ ဖိုရမ်တွင် Eco Echo Journal မှ အယ်ဒီတာချုပ် ဦးဇော်သန်းက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး ဦးဆောင်ဆွေးနွေးသွားသည်။ ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြကြောင်း သိရှိရသည်။

(အောင်သူရ)