ရန်ကုန်မြို့နေ ပြည်သူတွေနဲ့ မြို့ပတ်ရထားလူကူးခုန်းကျော်တံတားသစ်တွေ

မိုးမြင့်လင်းလက်၊ ဓာတ်ပုံ-ခင်ဇွန်ဇာလင်း

ရန်ကုန်မြို့မှာ ပြည်သူတွေ ခရီးသွားလာရေး အဆင်ပြေစေဖို့နဲ့ အန္တရာယ်ကင်းစေဖို့ ကဏ္ဍပေါင်းစုံမှာ နည်းလမ်းများစွာနဲ့ ဖြေရှင်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဘတ်စ်ကားတွေနဲ့ သွားလာတဲ့သူတွေ၊ ကိုယ်ပိုင်ယာဉ်နဲ့ သွားလာသူတွေအပြင် မြို့ပတ်ရထားစီးပြီးသွားသူတွေ အပါအဝင် လမ်းလျှောက်သွားလာ သူတွေအတွက်ပါ အန္တရာယ်ကင်းအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အခုဆိုရင် ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းမှာ ပြည်သူတွေသွားလာတဲ့အခါ အန္တရာယ်ကင်းစေဖို့ လူကူးခုံးကျော်တံတား ၃၅ စင်းအထိ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

“ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေသလို လူကူးခုံးကျော်တံတားအသစ် ၃၅ စင်းကိုလည်း ထပ်မံတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရထားလမ်းလူကူးခုံးကျော်တံတား သစ်သုံးစင်း တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားတိုင်း(၇)မှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလင်းက ပြောထားပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း ၅၉ မိုင်ကို အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေပါတယ်။ အဲဒီရထား လမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းကို ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ ၂၀၇ သန်းအပြင် မြန်မာနိုင်ငံတော် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် ၅၄ ဘီလီယံတို့နဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက်မှာ ကားလမ်းကူးနေရာတွေနဲ့ ဘူတာအများစုနေရာတွေမှာ ပြည်သူတွေသွားလာတဲ့အခါ ဘေးကင်းစေဖို့ လူကူးခုံးကျော်တံတားတွေ တည်ဆောက်ရေး အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။

အခုဆိုရင် ရထားလမ်း လူကူးခုံးကျော်တံတားသစ်သုံးစင်း တည်ဆောက် ပြီးစီးသွားပြီ ဖြစ်သလို တည်ဆောက်နေဆဲ သုံးစင်းနဲ့ ကျန်လူကူးခုံးကျော် တံတား ၂၉ စင်းကိုလည်း သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ လက်ရှိ တည်ဆောက်နေတဲ့ နှုန်းအတိုင်းလုပ်မယ်ဆိုရင် သတ်မှတ်ကာလပြီးစီးမှာ ဖြစ်ပါတယ်။

အဲဒီလူကူးခုံးကျော်တံတား ၃၅ စင်း တည်ဆောက်မှုကို ၂၀၁၈ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး လုပ်ငန်းအားလုံး ပြီးစီးမှုကတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်ဖြစ်တယ်လို့ မြန်မာ့မီးရထားတိုင်း (၇) မှ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလောလောဆယ် ရထားလမ်းကူးခုံးကျော် တံတားသစ် တည်ဆောက်နေမှုကတော့ အင်းစိန်စီအိုင်ဒီဂိတ် အလွန်မှာ တစ်စင်းရှိပြီး ရထားလမ်းဖြတ်ကူးတဲ့ ပြည်သူတွေ ဘေးကင်းစေဖို့ ဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်ရေးစီမံကိန်း ၅၉ မိုင်အတွင်းမှာ လူကူးခုံးကျော် တံတားသစ်တွေ တည်ဆောက်မယ့် အနေအထားကို ကြည့်ရင် ရန်ကုန်-အင်းစိန် မြို့ပတ်ရထားလမ်းပိုင်းမှာ လူကူးခုံးကျော်တံတာ ရှစ်စင်း၊ အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်းမှာ လူကူးခုံး ကျော်တံတားလေးစင်း၊ တညင်းကုန်း-မင်္ဂလာဒုံ ရထားလမ်းပိုင်းမှာ လူကူးခုံးကျော် တံတားသုံးစင်းနဲ့ မင်္ဂလာဒုံ-ရန်ကုန်လမ်းပိုင်းမှာ လူကူးခုံးကျော် တံတားအစင်း ၂၀ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။

 

mdn

 

စုစုပေါင်း လူကူးခုံးကျော်တံတား အစင်း ၇၀ အထိ ရှိလာ

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းမှာ အရင်က ရထားလမ်း လူကူးခုံးကျော်တံတား ၃၅ စင်း တည်ရှိထားတာမို့ အခုအသစ်ဆောက်လုပ်မယ့် ၃၅ စင်းနဲ့ဆိုရင် စုစုပေါင်း လူကူးခုံးကျော်တံတား အစင်း ၇၀ အထိ ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရထားလမ်း လူကူးခုံးကျော်တံတားသစ်တွေ တည်ဆောက်နေသလို တံတားအဟောင်း ၃၅ စင်းကိုလည်း ပြုပြင်မွမ်းမံထိန်းသိမ်းမှုတွေ တစ်ပြိုင်နက်တည်း ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ဒီလို မြို့ပတ်ရထားလမ်းပိုင်းတွေအလိုက် ရထားလမ်း လူကူးခုံးကျော်တံတားသစ်တွေ ထပ်မံတည်ဆောက်ပေးနေခြင်းဟာ နေ့စဉ်နဲ့အမျှ မြို့ပတ်ရထားလမ်းကို မဖြစ်မနေ ကျော်ဖြတ်သွားလာနေရတဲ့ ပြည်သူတွေအတွက် လုံခြုံဘေးကင်းစေပြီး မြို့ပတ်ရထား မောင်းနှင်မှုအတွက်လည်း မလိုလားအပ်တဲ့ အနှောင့်အယှက်၊ မတော်တဆမှုတွေရဲ့ ဘေးအန္တရာယ်မှ ကင်းစေမှာဖြစ်ပါတယ်။

လူကူးခုံးကျော်တံတားတွေ မဖြစ်မနေ တိုးမြှင့်တည်ဆောက်

ရန်ကုန်မြို့ပတ်ရထားလမ်းဟာ ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ နေထိုင်ရာ ရပ်ကွက်တွေအနီး၊ လူစည်ကားရာနေရာတွေအနီး ဖြတ်သန်းတည်ရှိနေမှုကြောင့် နေ့စဉ်နဲ့အမျှ ခရီးသွားပြည်သူတွေ၊ ဈေးသည်ဈေးဝယ်တွေ၊ ကျောင်းသား ကျောင်းသူ တွေအတွက် ရထားလမ်းကို ဘေးကင်းစွာ ဖြတ်ကျော်သွားလာနိုင်ရေးက အထူးအရေးပါတဲ့ အနေအထားဖြစ်တာကြောင့် ရထားလမ်းဖြတ်ကျော် လူကူးခုံးကျော်တံတားတွေ မဖြစ်မနေ တိုးမြှင့်တည်ဆောက်နေခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းလဲလာတော့မယ့် ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှု မြန်နှုန်းတွေကြောင့် မဖြစ်သင့်တဲ့ မတော်တဆမှုတွေ ပြည်သူတွေ မကြုံတွေ့ရအောင် အခုလို လူကူးခုံးကျော်တံတားတွေ နှစ်ဆတိုးမြှင့် တည်ဆောက်ပေးနေခြင်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ်ရထား မိုင်နှုန်းမြှင့်ပြေးဆွဲနိုင်ဖို့အတွက် ရထားသံလမ်းတွေ အဆင့်မြှင့်တင်မှု၊ မြို့ပတ်ရထားလမ်း PC Girder လဲလှယ်ထားတဲ့ တံတားအောက်ခြေပိုင်း အဆင့်မြှင့်တင်မှု၊ ရထားသံလမ်းတစ်လျှောက် သံဆန်ခါ ခြံစည်းရိုး ကာရံမှု၊ လမ်းခင်းကျောက်တွေ ဝယ်ယူဖြည့်ဆည်းမှု၊ သံမဏိတံတားပေါင်များ နေရာမှာ တံတားပေါင်အသစ်များ လဲလှယ်ခြင်းစတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်မှု၊ ရထားတွဲဆိုင်းသစ်တွေ ဖြည့်ဆည်းမှု၊ ဘူတာရုံတွေ၊ လူကူးခုံးကျော်တံတားတွေ အသစ် တည်ဆောက်မှုတွေ ပြီးစီးရင်တော့ အမြန်နှုန်းမြင့်နဲ့ ပြေးဆွဲတော့မယ့် ရန်ကုန်မြို့ပတ်ရထားကဏ္ဍသစ်မှာ ရထားလမ်းဖြတ်ကူးမယ့် ပြည်သူတွေလည်း ဘေးကင်းလုံခြုံမှုနဲ့အတူ သွားလာနိုင်တော့မှာ အမှန်ပါပဲ။ ။

မြန်မာ့အလင်း