ရန်ကုန်  ၂၇ ဇန်နဝါရီ 

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြေးဆွဲပျံသန်းသည့် ၃၂ လိုင်းမြောက် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအဖြစ် Hainan လေကြောင်းလိုင်းအသစ် စတင်ပြေးဆွဲပျံသန်းသည့် အခမ်းအနားကို  ဇန်နဝါရီ ၂၇ ရက် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်  Terminal 1၊ သုံးလွှာ၌ ဖွင့်ပွဲကျင်းပခဲ့သည်။

 

Yangon Aerodrome Company Limited (YACL) သည် တရုတ်နိုင်ငံသို့လည်း ဈေးကွက်သစ်များ ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ တရုတ်လေကြောင်းလိုင်း “Hainan Airlines” ၏ ရန်ကုန်မြို့နှင့် ချုံချင်းမြို့တို့အကြား ပထမဦးဆုံး ပြေးဆွဲပျံသန်းသည့် လေကြောင်းလိုင်းဖြစ်သည်။

 

Hainan လေကြောင်းလိုင်းသည် တရုတ်နိုင်ငံတွင် စတုတ္ထမြောက်အကြီးဆုံး လေကြောင်းလိုင်းဖြစ်ပြီး လေယာဉ်အစီးရေ ၄၆၃ စီးဖြင့် ခရီးသည်ပေါင်း ၇၉ သန်းကျော်အား ခရီးစဉ်လမ်းကြောင်း ၂၂၀ သို့ ယခင်နှစ်က သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

 

အဆိုပါလေကြောင်းလိုင်းသည် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များကို ပုံမှန်ပျံသန်းပေးလျက်ရှိပြီး စင်ကာပူ၊ ဂျာမနီ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံအပါဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များကိုလည်း ပြေးဆွဲပျံသန်းပေးလျက်ရှိသည်။

 

Hainan လေကြောင်းလိုင်းသည် အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်မှုအဆင့် သတ်မှတ်ရေးအဖွဲ့  “Skytrax” ၏ ကြယ်ငါးပွင့်အဆင့် သတ်မှတ်ပေးခြင်းခံရသော လေကြောင်းလိုင်း ခုနစ်လိုင်းအနက်မှ တစ်လိုင်းအပါအဝင်ဖြစ်ကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

 

ဓာတ်ပုံ-မျိုးကြီး

 

image0