ရန်ကုန်မြို့နှင့်ဆက်စပ်ဒေသများ ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်လာမည့် ရန်ကုန်မြစ်ကူး ဒလတံတားကြီး

မျိုးမင်းသိန်း(မရမ်းကုန်း)၊ ဓာတ်ပုံ-မျိုးကြီး

ရန်ကုန် တိုင်းဒေသကြီး၏ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး ရန်ကုန်မြစ်ကူး (ဒလ) တံတား စီမံကိန်းကြီးကို ဇွန်လ ၂၈ ရက်က စတင်ကာ (ဒလ)ဘက်ကမ်း၌ ကမ်းကပ်ခုံ တိုင်အမှတ် ဗ.၁ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းစတင် ဆောင်ရွက်နေပြီး ဖြစ်ကြောင်းနှင့် အဆိုပါတံတားကြီးအား ၂၀၂၂ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလအပြီး တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရှိရသည်။

ဆက်သွယ်တည်ဆောက်မည်

ရန်ကုန်မြစ်ကူး ဒလတံတားကို ရန်ကုန်မြစ် ဖြတ်သန်းဆောက်လုပ်မည့် တံတားဖြစ်ခြင်းကြောင့် ဒလမြို့နယ်ဘက် ဗိုလ်မင်းရောင်လမ်းနှင့် လမ်းမတော်မြို့နယ်ဘက် ဘုန်းကြီးလမ်းတို့ ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး ဘိုးပိုင်တူးခြင်းလုပ်ငန်းကို ဒလဘက်ကမ်းမှနေ၍ ကမ်းကပ်ခုံ တိုင်အမှတ် A.1 ဘိုးပိုင်စတင်တူးခြင်းဖြစ်သည်။ ထပ်မံ၍ ပိုင်တိုင် ၁၄ ခု တည်ဆောက်ခြင်းနှင့် လေးလမ်းသွား ချဉ်းကပ်လမ်း တည်ဆောက်ခြင်းကို တစ်ဆက်တည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကေဘယ်လ်စတီးကြိုးတံတား ဒီဇိုင်း

တံတားဆောက်လုပ်မှုနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန လက်ထောက်òန်ကြားရေးမှူး (မြို့ပြ)အင်ဂျင်နီယာ ဦးသက်ဝေအောင်က “ စီမံကိန်းလုပ်ငန်းတွေ တောက်လျှောက်လုပ်သွားတော့မယ်။ နည်းပညာအားလုံး ကိုရီးယား နည်းပညာတွေပါပဲ။ နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းအတိုင်း ကေဘယ်လ်စတီးကြိုးတံတား ဒီဇိုင်းနဲ့ပေါ့။ စီမံကိန်းက ၂၀၁၉ မေလက စတာပါ။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အပြီး ခန့်မှန်းထားပါတယ်။ အခက်အခဲက ရန်ကုန်မြစ်ဖြတ် လုပ်ငန်းခွင်ဝင်တဲ့အချိန်ပါ။ ဒီမြစ်က ပြည်တွင်းပြည်ပ သင်္ဘောကြီးတွေလည်း အသွားအလာများတယ်။ ပြည်သူတွေနဲ့ ကိုယ့်ဝန်ထမ်းတွေ ထိခိုက်မှုမရှိအောင် ဂရုစိုက်လုပ်ရမယ့် တံတားကြီးပါ။ ပြီးသွားရင် ဟိုဘက်ကမ်း ဒီဘက်ကမ်း လူတန်းစား အလွှာအသီးသီး တိုးတက်ပြောင်းလဲလာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ထိုတံတားတည်ဆောက်ခြင်းအတွက် ကိုရီးယားနိုင်ငံမှ ကန်ဒေါ်လာ (၁၃၇ ဒသမ ၈၃၃) သန်း နှစ် ၄၀ ချေးငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ တာဝန်ယူဆောက်လုပ်သည့် အဖွဲ့မှာ ကိုရီးယားနိုင်ငံ ၏ GS Engineering Group မှ တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဒုတိယအပိုင်းဖြစ်သည့် ရန်ကုန် ဘုန်းကြီးလမ်းဘက်အပိုင်း ချဉ်းကပ်ဘိုးပိုင် တူးဖော်ဆောက်လုပ်ခြင်းကို ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း၊ တတိယအပိုင်းက ရေလယ်ခန်းဖွင့် တာဝါတိုင်ကြီး နှစ်တိုင်နှင့် ကေဘယ်လ်ကြိုး ဆိုင်းတံတားကို CCEC တရုတ်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

 

mdn

 

ယင်းတံတားကြီး၏ ရေလယ်အပိုင်း တာဝါတိုင်နှစ်တိုင် အကွာအဝေးသည် မီတာ ၃၇၀ ခန်းဖွင့် အကျယ်ရှိသည်။ ဒလဘက်အခြမ်း ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာ၊ ရန်ကုန်ဘက်အခြမ်း ချဉ်းကပ်တံတားအရှည်သည် ၆၀၁ မီတာရှိသည်။ ရေလယ်အပိုင်း ပင်မတံတားအရှည်သည် မီတာ ၆၉၀ ရှည်သည်။ တံတားကြီး၏ စုစုပေါင်းအရှည်မှာ ၆၁၄၄ ပေ ရှည်လျားသည်။ ရေလမ်းကင်းလွတ် အမြင့်သည် ၄၉ မီတာ၊ ပေအားဖြင့် ၁၆၀ ရှိသည်။ တံတားတစ်ဖက်လျှင် ၄ မီတာကျယ် လူသွား ပလက်ဖောင်း အသွားအပြန်ပါရှိကာ လေးလမ်းသွားတံတားဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်ကူး “ဒလ”တံတားကြီး မကြာမီပေါ်ထွက်လာပါက ရန်ကုန်နှင့် ဧရာဝတီခရီး မဝေးအနီးလေးဖြင့် ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များသို့ တစ်ဆက်တည်းသွားနိုင်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး မြို့များသို့ ကုန်းလမ်းခရီးဖြင့် လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ရာ ရန်ကုန်မြို့နှင့် ဆက်စပ်ဒေသများ ဖွံ့ဖြိုးမှုအတွက် များစွာ အထောက်အကူဖြစ်လာပေသည်။

မြန်မာ့အလင်း