ရန်ကုန် ၂၈ မတ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအောက်ရှိ ရန်ကုန်မြို့နယ်တွင်းမှ မြို့နယ်အလိုက် ဖွင့်လှစ်ရောင်းချလျက်ရှိသော စည်ပင်သာယာဈေးများတွင် ပြည်သူများဝယ်ယူမှု အများဆုံးဖြစ်သည့်အခြေခံ စားသောက်ကုန်စည်များ မဆမတန် ဈေးမြှင့်ရောင်းချမှုများ ရှိနေကြောင်း ကိုယ်တိုင်ဈေးဝယ်သူတစ်ဦးက ပြောသည်။
“ဆန်ဈေး၊ ဆီဈေးက အလွန်အမင်း မတက်ပေမယ့် အခြေခံစားသောက်ကုန်စည် ဈေးတွေကတော့ အတော်လေး တက်သွားတာကို တွေ့ရတယ်။ ဟိုတစ်လောကဆို ကစွန်းရွက် တစ်စည်းကို ငွေကျပ် ၂၀ဝ ပဲပေးရတယ်။ ဒီကနေ့ ကစွန်းရွက်တစ်စည်း ငွေကျပ် ၃၅၀ ဖြစ်သွားတယ်။ တစ်စည်းတည်းလည်း ချက်လို့မရတော့ နှစ်စည်းဝယ်ခဲ့ရတယ်။ နှစ်စည်းငွေကျပ် ၇၀ဝ လုံးဝ ဈေးလျှော့မရောင်းဘူး” ဟု တာမွေမြို့နယ် ဗျိုင်းရေအိုးစင် ရပ်ကွက်တွင် နေထိုင်သော ပြည်သူတစ်ဦးက သူရဲ့ကိုယ်တွေ့ဝယ်ယူခဲ့မှုနှင့် ပတ်သက်ပြီး ပြောပြသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် လတ်တလော ကပ်ရောဂါအသွင် သတ်မှတ်ထားသော ကိုဗစ်-19 ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ပြည်သူများ တုန်လှုပ်ချောက်ချားမှုကို အခွင့်အရေးယူကာ တချို့စီးပွားရေး အမြတ်ထုတ်ချင်သူများက ပြည်သူများအပေါ် ခေါင်းပုံဖြတ်မှုများရှိနေသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများ အနေဖြင့်လည်း ဈေးအနေအထား၊ အခြေအနေများပေါ်မူတည်ကာ ဈေးပိတ်သည်များ ရှိသလို ဈေးဖွင့်ပေးထားသည်များလည်း ရှိနေသည်။ လူဦးရေ ထူထပ်များပြားသော ရန်ကုန်မြို့တော်ကြီးတွင် ဈေးအတော်များများကို ပိတ်သိမ်းထားမှုမရှိဘဲ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးများကို ပုံမှန်အတိုင်း ရောင်းချ၊ ဝယ်ယူခွင့်များ ပေးထားသည်။
“ကျွန်တော်တို့ ဆိုင်အနေနဲ့ကတော့ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေအပေါ် အမြတ်ကြီးစား ခေါင်းပုံဖြတ်တာမျိုး မလုပ်ချင်ဘူး။ ဒီအခြေအနေ ကိုယ်ကျိုးကိုယ်ပဲကြည့်ပြီး အမြတ်တင် ရောင်းချရင်ရတာပေါ့။ ဟိုနေ့ကဆို တိုးဝှေ့ဝယ်ယူကြတာ နည်းတာမဟုတ်ဘူး။ အိမ်သုံးဆားကအစ အတော်များများ ရောင်းချခဲ့ရတယ်။ အဲဒီအပေါ်မှာ အခွင့်ကောင်းယူ အမြတ်ကြီးထုတ် ခေါင်းပုံဖြတ်ရင်ရတာပေါ့။ ဒါပေမယ့် ကိုယ်ချင်းစာတယ်လေ။ မလုပ်ရက်ဘူး။ ဒီလိုကာလမျိုးမှာ အခွင့်အရေးယူ ရောင်းချတဲ့ ဈေးသည်းတွေကိုလည်း သက်ဆိုင်ရာ အစိုးရအနေနဲ့ ထိထိရောက်အရေးယူစေချင်တယ်” ဟု ရန်ုကုန်မြို့ စည်ပင်သာယာပိုင် တာမွေဈေးတွင် ကုန်ခြောက်မျိုးစုံ ရောင်းချလျက်ရှိသော ဈေးသည်တစ်ဦးက ပြောသည်။
ယခုအခါ ကမ္ဘာ့ကပ်ရောဂါအသွင် သတ်မှတ်ထားသော ကိုဗစ်-19 ဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများစုတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ယနေ့ မတ် ၂၈ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ရှစ်ဦးအထိ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ယင်းရှစ်ဦးအနက် ငါးဦးမှာ ရန်ကုန်မြို့နယ်အတွင်းမှ ဖြစ်ကြောင်း သိရသည်။
သတင်း- မောင်စိန်လွင်(မြန်မာအလင်း)၊ ဓာတ်ပုံ- မင်းထက်


